နေပြည်တော် ဖေဖော်ဝါရီ ၂၅

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် လက်ရှိ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် နှစ်ခုကိုလည်းကောင်း၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှု ကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ခြင်း ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၅ ခု တို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၄၄ သန်းနှင့် ငွေကျပ် ၅၅၇၉၀၇ ဒသမ ၀၆၉ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၄၄၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

 

ယနေ့အစည်းအဝေးက ခွင့်ပြု ပေးသည့်လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက် ရှိသည့် လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ၊ စားသောက် ကုန်ထုတ်လုပ်ငန်းများ၊ မွေးမြူ ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး သွင်းအားစုများ ထုတ်လုပ်ခြင်းလုပ်ငန်းများအပြင် အိမ်ရာ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ် လုပ်ငန်းတို့လည်း ပါဝင်သည်။

 

၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန် အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ် ဓာတ်အားကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

 

ပံ့ပိုးကူညီဆောင်ရွက်

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများ ကိုလည်းကောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်