ရန်ကုန် ၉ စက်တင်ဘာ
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ဖွင့်လှစ်သင်ကြားပိုချလျက်ရှိသော ဒါရိုက်တာနှင့် သရုပ်ဆောင်သင်တန်းမှ သင်တန်းသားများအား ယနေ့တွင် လက်တွေ့ရုပ်ရှင်ရိုက်ကူးခြင်းသင်ခန်းစာများ ပို့ချပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ထူးချွန်ထက်မြက်သော အနုပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် ဒါရိုက်တာနှင့် သရုပ်ဆောင်သင်တန်း ၁/၂၀၁၉ ကို ဇွန်လ ၂၄ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက်ရှိရာ ဝါရင့်သရုပ်ဆောင်ကြီးများ၊ ရုပ်ရှင်အနုပညာရှင်ကြီးများက လာရောက်သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။
ယနေ့သင်ကြားပို့ချပေးလျက်ရှိသော ရိုက်ကူးခြင်းသင်ခန်းစာနှင့်ပတ်သက်၍ သင်တန်းဆရာတစ်ဦးဖြစ်သူ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စည်းရုံးရေးမှူး (၁)၊သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦးဖြစ်သည့် အကယ်ဒမီ အောင်ခိုင်က “ဒီနေ့သင်တန်းမှာတော့ ဒါရိုက်တာတွေရော သရုပ်ဆောင်တွေရောပေါ့။ ဒါရိုက်တာတွေက ဘယ်လိုညွှန်ကြားရမလဲ၊ သရုပ်ဆောင်ဆိုတာ ဘာလုပ်ရမလဲ၊ စိတ်ဘယ်လိုထည့်ရမလဲ၊ သူတို့အရွယ်နဲ့ သူတို့သည် အမေအရွယ်ဆိုတာ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် အမေအခန်းက ဝင်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာကို လက်တွေ့ရိုက်ကူးတာကို သရုပ်ပြနေတာပါ” ဟု ပြောကြားသည်။
ယခုဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဒါရိုက်တာနှင့် သရုပ်ဆောင်သင်တန်းမှာ သင်တန်းကာလ ၃ လခန့် ကြာမြင့်ပြီး မကြာမီရက်ပိုင်းအတွင်း သင်တန်းဆင်းပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတွင် ဒါရိုက်တာသင်တန်းသား ၁၀ ဦးနှင့် သရုပ်ဆောင်သင်တန်းသား ၄၉ ဦး အပါအဝင် စုစုပေါင်း သင်တန်းသား ၅၉ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း