ရန်ကုန်၊ ဩဂုတ် ၃၀

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားတို့အား (၁၃)ကြိမ်မြောက် ဆန်၊ ဆီ၊ ကြက်သွန်နှင့် ဘဲဥ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံက်ပိုင်းတွင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ပြုလုပ်သည်။ 

 

မြန်မာ့ရုပ်ရှင်လောကသားများ ဖြစ်ကြသည့် အုပ်ချုပ်/ဖြန့်ချိ၊ ဇာတ်ညွှန်း၊ တည်းဖြတ်၊ စက်မှု၊ ဇာတ်ပို့/ဇာတ်ရံ၊ အဓိကသရုပ်ဆောင်၊ ဒါရိုက်တာ၊ ဗီဒီယို၊ ပြဇာတ်၊ နောက်ခံတေးဂီတ၊ ထုတ်လုပ်သူတို့ကို တစ်ဦးလျှင် ပေါ်ဆန်းမွေးဆန် ခြောက်ပြည်၊ ဆီ ၅၀ ကျပ်သား တစ်ဘူး၊ ကြက်သွန် ၄၅ ကျပ်သား၊ ဘဲဥ ၁၀ လုံးတို့ကို ဩဂုတ် ၂၈ ရက်မှစ၍ ၃၁ ရက်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် အလွှာ ၁၀ လွှာအား ထောက်ပံ့ပေးလျက်ရှိသည်။

 

“ကျွန်တော်တို့အစည်းအရုံးက ရုပ်ရှင်လောကသားတွေကို ကိုဗစ်ကာလမှာ စားသောက်ကုန်ထောက်ပံ့မှုပေးခဲ့တာ အခုဆိုရင် (၁၃)ကြိမ်ရှိပါပြီ။ အဲဒီကာလမှာ ၃ လ၊ ၄ လတစ်ကြိမ်ပေးခဲ့တာ ယနေ့ထိပါပဲ။ မြန်မာ့ရုပ်ရှင် လောကသားတွေကို တတ်နိုင်သမျှ ထောက်ပံ့မှုပေးခဲ့တာက ၁၉၉၅ ခုနှစ်ကတည်းကပါ။ ဒီတစ်ပတ်မှာ ကြက်သွန်ကို အနုပညာရှင်အချို့က လှူဒါန်းပြီးတော့ ကျန်တာကို ရုပ်ရှင်အစည်းအရုံးက လှူဒါန်းတာပါ” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက ပြောသည်။

 

ပြီးခဲ့သည့် (၁၂)ကြိမ်မြောက်၌ မြန်မာ့ရုပ်ရှင်လောကသား ၃၀၀၀ ကျော်တွင် လူဦးရေ ၁၅၀၀ ခန့်ကို လည်းကောင်း၊ ယခု (၁၃)ကြိမ်မြောက်တွင် လူဦးရေ ၁၄၀၀ ကျော်ကိုလည်းကောင်း စား‌သောက်ကုန်များကို ထောက်ပံ့ပေးဝေခဲ့ပြီး ဩဂုတ် ၃၁ ရက်၌ စက်မှုအလွှာနှင့် ဇာတ်ပို့အလွှာတို့ကို စားသောက်ကုန်လေးမျိုးဖြင့် ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ- ကနူး
ညိမ်းသူ(သတင်းစဉ်)