ရန်ကုန် ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများ၊ ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦး၊ တိုင်းအဆင့် ဌာနဆိုင်တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့်ပစ္စည်း နမူနာပြသထားရှိမှုများကို ကြည့်ရှုလေ့လာကြသည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုဖြစ်သည့် ဟိုတယ်လုပ်ငန်းအား အတည်ပြုပေးကာ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၅၉၇၀ ဒဿမ ၂၃၉ သန်း ဖြစ်သည်။
ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၆၁၇ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၈၀၂ ဦး တိုးမြှင့်ဖန်တီးပေးမည့် လုပ်ငန်း တစ်ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ငါးခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)