ရန်ကုန် ၁၁ မတ်

 

မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် ထိုင်းနိုင်ငံအခြေစိုက် Makro Myanmar (Aro Commercial Company Limited) တို့အကြား နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်လက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ ယမန်နေ့နံနက်ပိုင်းက လက်မှတ်ရေးထိုးကြသည်။

 

12398653

 

အဆိုပါ MoU ရေးထိုးပွဲတွင် MFVP ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်နှင့် Makro Myanmar (Aro Commercial Company Limited) ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr. Saksit Panurach တို့က အမှာစကားပြောကြားပြီး Makro ၏ လက်လီလက္ကားဈေးကွက် ဖော်ဆောင်မှုဗီဒီယိုအား တက်ရောက်လာသည့် အသင်းအဖွဲ့အလိုက် စိုက်ပျိုးထုတ်လုပ်သူများအား ပြသသည်။

 

ယခု MoU လက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ MFVP ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က “အဓိကက ကျွန်တော်တို့က Makro Myanmar Aro ကုမ္ပဏီနဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးတာက ကျွန်တော်တို့ဘက်က အများစုက စိုက်ပျိုးထုတ်လုပ်တင်ပို့သူတွေရဲ့ ထွက်တဲ့ပစ္စည်းတွေကို အရည်အသွေးကောင်းပြီး အစားအစာဘေးကင်း လုံခြုံတယ်ဆိုရင် သူတို့ဝယ်ယူပြီးတော့ ရောင်းချပေးမှာဖြစ်ပါတယ်၊ အဲဒီကအဆင့်နေ နောက်ပိုင်း စိုက်ပျိုးထုတ်လုပ်တာ များလာရင် သူတို့အဖွဲ့အစည်းတွေရှိတဲ့ တခြားနိုင်ငံတွေအထိ တင်ပို့တဲ့အထိ သူတို့ဆောင်ရွက်မှာဖြစ်ပါတယ်၊ ကျွန်တော်တို့တောင်သူတွေ အခက်အခဲဖြစ်နေတာ ဈေးကွက်ပြဿနာဖြစ်ပါတယ်၊ MFVP အသင်းရဲ့ ရည်ရွယ်ချက်ကိုက ဈေးကွက်ချိတ်ဆက်ပေးတဲ့ အသင်းပါ၊ အဲဒီတော့ အခုလို ဝယ်မယ့်လူနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့လူတွေ ကျွန်တော်တို့က ချိတ်ဆက်ပေးဖို့ လက်မှတ်ထားတာပဲ ဖြစ်ပါတယ်၊ ဒါ အထိုက်အလျောက် ဈေးကွက်တွေကို ချိန်ဆက်မိပြီး စိုက်ပျိုးသမျှကို ဈေးကွက်မှာတင်ပြီး ရောင်းချနိုင်မှာပါ၊ ဒီအဖွဲ့ကနေစပြီး ဖွင့်တယ်ဆိုတာနဲ့ ကျွန်တော်တို့ဘက်က အဆင်သင့်ရှိနေတယ်၊ GIZ နဲ့ ပင်းတယနဲ့ ဟဲဟိုးမှာ ကျွန်တော်တို့ Project တွေ လုပ်နေတာရှိနေတယ်၊ နောက်ထပ် ရွာငံ၊ တောင်ကြီး၊ ကျိုင်းတုံဘက်မှာလည်း လုပ်ဖို့ရှိတယ်၊ ထွက်လာတဲ့ ဟင်းသီးဟင်းရွက်တွေ အကုန်လုံးကို GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ထားလို့ Food Safety ရှိတဲ့ အစားအသောက်တွေ အရည်အသွေးကောင်းတွေ ထုတ်လုပ်နိုင်တယ်၊ သူတို့ဖွင့်တာနဲ့ ဝယ်တာနဲ့ပေးမှာပဲ၊ ပူးတွဲသင်တန်းတွေပေးမှာမို့ တောင်သူတွေ အလေ့အကျင့်ကောင်း၊ အတွေ့အကြုံတွေရမှာပါ၊ ပြည်တွင်းမှာ တောင်သူတွေ တင်ပို့ရောင်းချနိုင်ဖို့ ရန်ကုန်မြို့မှာ သီရီမင်္ဂလာဈေးနဲ့၊ မြေပဒေသာကျွန်းလို Safe food from safe farm ဆိုပြီး စားသုံးသူတွေ တိုက်ရိုက်ဝယ်နိုင်အောင် စနေ၊ တနင်္ဂနွေမှာ ဖွင့်ထားပါတယ်၊ မူဆယ် ၁၀၅ မိုင်မှာက တရုတ်နိုင်ငံကို သစ်သီးဝလံတွေ အလုံးအရင်းနဲ့တင်ပို့ဖို့ မြန်မာ့သစ်သီးဝလံ ကုန်စည်ဒိုင်ကိုလည်း ဖွင့်ထားပါတယ်၊ သစ်သီးဝလံပန်းမန်နဲ့ ပတ်သက်ရင် အသင်းဝင်ပဲဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကျွန်တော်တို့ ကဏ္ဍထဲမှာပါတဲ့အတွက်ကြောင့် ချိတ်ဆက်ပေးမှာဖြစ်ပါတယ်”ဟု ပြောသည်။

 

“ငါးနှစ်အတွင်းမှာ ဆယ်ခုဖွင့်မယ်၊ ဖွင့်တဲ့နေ့မှာ ဖရဲသီးနဲ့ ပရိုမိုးရှင်းအနေနဲ့ စဖွင့်ပါမယ်၊ တဖြည်းဖြည်းနဲ့ ပြည်ပဈေးကွက်အထိ ဖော်ဆောင်နိုင်ဖို့က အစိုးရအချင်းချင်း ညှိနှိုင်းပြီးမှ လုပ်လို့ရမှာပါ”ဟု Makro မှ Mr. Saksit Panurach က ပြောသည်။

 

Makro အနေဖြင့် ပြည်တွင်း၌ ကုန်ပစ္စည်းအမျိုးအစားစုံလင်စွာ ရောင်းချသွားကာ ဖောက်သည်လုပ်ငန်းရှင်များ အကျိုးအမြတ်များရရှိပြီး စီးပွားလုပ်ငန်း ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများကို အသင့်တော်ဆုံး ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမှာဖြစ်သည်။ ပထမဆုံး လက္ကားအရောင်းဆိုင်ကို ရန်ကုန်မြို့၊ အထက်ပုစွန်တောင်လမ်း၊ စက်စမ်း၌ အရောင်းဧရိယာ ၇၀၀၀ စတုရန်းပေ ကျယ်ဝန်းပေါ်တွင် အရောင်းစင်တာကို ကုန်ပစ္စည်းအမျိုးအစား တစ်သောင်းကျော်ဖြင့် ဧပြီလတွင် စတင်ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထိုင်းအခြေစိုက် Aro ကုမ္ပဏီမှ Makro Myanmarကို မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်က တည်ထောင်ပြီး အဓိကဖောက်သည်များမှာ လက်လီအစားအသောက် ရောင်းချသူများ၊ ကုန်စုံဆိုင်များ၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကျောင်းနှင့် တက္ကသိုလ်များ၊ ရုံး၊ စက်ရုံများ၊ တောင်သူများ အဓိကဖြစ်ကြောင်း သိရသည်။

 

အလားတူ MFVP အသင်းသည် အိမ်နီးချင်းနိုင်ငံ တရုတ်နိုင်ငံနှင့် MoU လေးခု၊ ထိုင်းနိုင်ငံသို့ ‘ဝဥ’တင်ပို့ရောင်းချနိုင်ရန် MoU လက်မှတ်ရေးထိုးထားကြောင်း သိရသည်။

 

သန့်ဇင်ဝင်း