နေပြည်တော် ဇူလိုင် ၉
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၂)ဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံအတွက် သိပ္ပံနည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ လမ်းပြမြေပုံနှင့် မဟာဗျူဟာများ ပေါ်ထွက်နိုင်ရန်အတွက် သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်ရှိဆောင်ရွက်နေမှုများနှင့် အမျိုးသားလူမှုစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးနေမှုများကို stakeholders များနှင့် ညှိနှိုင်းဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲ (Workshop on Stakeholders’ Consultation for the Myanmar Science, Technology and Innovation Roadmap and Strategies Development) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က တက်ရောက်အဖွင့်မိန့်ခွန်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု၏ အလုံးစုံတိုးတက်မှု အတွက် အဓိကမောင်းနှင်အား တစ်ခုဖြစ်ခြင်းကြောင့် သိပ္ပံ၊နည်းပညာနှင့်ဆန်း သစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်စပ်ဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့မှ ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ UMFCCI မှ ကိုယ်စားလှယ်များ၊ MSMEs အသင်း ကိုယ်စားလှယ်များဖြင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ လက်ရှိ ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များ၊ ကွာဟချက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရမည့် လုပ်ငန်းစဉ်များ ပါဝင်သော မြန်မာနိုင်ငံ အတွက် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ် တီထွင်မှုဆိုင်ရာ လမ်းပြမြေပုံ(မူကြမ်း)၊ မဟာဗျူဟာမြောက် ရည်မှန်း ချက်များနှင့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာ အုပ်ချုပ်မှု အစီအမံကောင်းများ၊ လုပ်ငန်းခွင်တွင် အမှန်တကယ်လိုအပ်သော အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ၊ နိုင်ငံ့စီးပွားရေး၏ အဓိကကြောရိုးဖြစ်သော အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သုတေသနနှင့်ဆန်းသစ်သောနည်းပညာများ အထောက်အကူပြုနိုင်ရန် ပုဂ္ဂလိကအဖွဲ့အစည်း များနှင့် တက္ကသိုလ်များ၊ သုတေသနဌာနများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ ရေးဆွဲဆောင်ရွက်မည့် လမ်းပြမြေပုံဆောင်ရွက်မည့် လုပ်ငန်းများကို လေ့လာဆန်းစစ် အကဲဖြတ်ဆောင်ရွက်မည့် အစီအစဉ်စသည် တို့ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများဖြင့် လမ်းပြမြေပုံနှင့် မဟာဗျူဟာများ ထွက်ပေါ်ရန်အတွက် ရည်ရွယ်ပြီး အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ကြခြင်းဖြစ်ပြီး ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် ဆက်စပ်ဝန်ကြီးဌာန (၁၂) ခုမှ မူဝါဒဆိုင်ရာ ပညာရှင်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ UMFCCI မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ MSMEs အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


