မြဝတီ ၂၃ မတ်
ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ပြန့်ပွားမှုကြောင့် မြန်မာ-ထိုင်းနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ခရီးသွားပြည်သူများ ဝင်ထွက်သွားလာမှုကို ယနေ့ မတ်လ ၂၃ ရက်နေ့မှစတင်ပြီး ပိတ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ဘက်မှပင် ယနေ့ကြေညာခဲ့သော်လည်း ပြည်တော်ပြန်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အဆင်ပြေစေရေး အတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းမှုဖြင့် ယနေ့ မတ်လ ၂၃ ရက်နေ့ထိ ထပ်တိုး ခွင့်ပြုပေးလျက်ရှိကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် ထံမှ သိရသည်။
“ကျွန်တော်တို့ ဒီအမှတ် (၂) ချစ်ကြည်ရေးတံတားကို ထိုင်းကနေ ထုတ်ပြန်လိုက်တာကတော့ ဒီ ၂၃ ရက်ကနေ စတင်ပြီး ပိတ်မယ်ဆိုပြီး ကြေညာခဲ့တယ်၊ ကုန်တင်ယာဉ်ရယ် ကိုရိုနာဗိုင်းရပ်စ်ကင်းစင်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တစ်ဦးသာ ဖြတ်သန်းခွင့်ရှိတယ်ဆိုပြီး အမိန့်ကြော်ညာစာထုတ်ပြန်ပြီး ကြေညာခဲ့တာပါ၊ ဒါပေမယ့် ၂၂ ရက်နေ့မှာက ထိုင်းနိုင်ငံ နေရပ် အသီးသီးကနေ ဥပမာ ထိုင်းနိုင်ငံတောင်ပိုင်းတို့ အဝေးကနေလာရတဲ့ အလုပ်သမားတွေ ရှိပါတယ်၊ ဒီမဲဆောက်ကို ရောက်ဖို့ဟာ အချိန် ၂ ရက်လောက် ယူရပါတယ်၊ အချိန်မမီတာတွေရှိတယ်၊ မနေ့ကဆို ကျွန်တော်တို့ အလုပ်သမား သံရုံးကိုလည်းပဲ အကြောင်းကြားတာတွေရှိပါတယ်၊ အလုပ်သမားတွေက လမ်းခရီးမှာ ဒီမဲဆောက်ကို လာနေတယ်၊ မြန်မာပြည်ပြန်ချင်တယ်ဆို ပြီး လှမ်းပြီး အကြောင်းကြားတာတွေ တော်တော်များများ ရှိခဲ့ပါတယ်၊ ဒါကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ကျွန်တော်တို့ တင်ပြလိုက်တော့ သံအမတ်ကြီးက ဒီနေ့ ၂၃ ရက်ကို ဆက်လက်ဆောင်ရွက်ပေးဖို့ အတွက် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်လိုက်တဲ့အတွက် ဒီကနေ့ ဆက်လက် လက်ခံဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံ၊ မဲဆောက်သံအရာရှိ ဦးဝေလင်းမောင်က ပြောသည်။
ယနေ့တွင် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)တွင် တတိယနေ့၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်လက်ဝင်ရောက်လျက်ရှိရာ ပြန်လည်ဝင်ရောက်သူများ ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားလိုအပ်သူများ အဆင်ပြေစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့ လှုမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထို့အတူ ကိုရိုနာဗိုင်းရပ်ကူး စက်မြန်ရောဂါ(Covid 19) ကာကွယ်/တားဆီးနိုင် ရေးတို့အတွက် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောဂါနှိမ်နင်းရေး ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြဝတီ၊ ဘားအံ၊ ကော့ကရိတ်မြို့ရှိ ကျန်းမာရေး ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အင်အားဖြည့်ပေါင်းစပ်၍ ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေး တံတားအား ယခု မတ်လ ၂၁ ရက်နေ့က ထိုင်းနိုင်ငံဘက်မှ စတင်ပိတ် သိမ်းခဲ့ပြီး မတ်လ ၂၂ ရက်နေ့တွင် ခရီးသွားလာဝင်ထွက်မှုကို တံတားအမှတ် (၂) က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ တံတားအမှတ် (၂) တွင်လည်း ယနေ့ ၂၃ ရက်နေ့တွင် ကုန်စည်စီးဆင်းမှုမှအပ နယ်စပ်ဖြတ်ကျော်သွားလာမှုကို ပိတ်သိမ်းမည်ဟု ကြေညာခဲ့ပြီး ယခုကဲ့သို့ တစ်ရက် ထပ်တိုးခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။
ထိန်လင်းအောင်(ပြန်/ဆက်)


