နေပြည်တော် နိုဝင်ဘာ  ၂၄

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ-မောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်း ရေးမှူးများ တက်ရောက်ကြသည်။

 

ဦးစွာ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့သည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုသည့်နေ့ဖြစ်သည့်အတွက် သတင်းမီဒီယာလောကအတွက်သာမက နိုင်ငံတော်အတွက်ပါ ထူးခြား လေးနက်သောနေ့ တစ်နေ့ဖြစ်ကြောင်း၊ သတင်းမီဒီယာ ကောင်စီကို ဒီမိုကရေစီနိုင်ငံ အများစုတွင် အသွင်အမျိုးမျိုးဖြင့် တွေ့မြင်ကြရမည်ဖြစ်ပြီး မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာနယ်ဇင်းလွတ်လပ်ခွင့် ၏ အင်္ဂါရပ်တစ်ခုဟု ပြောကြရမည်ဖြစ်ပါကြောင်း။

 

ယခုကဲ့သို့ သတင်းမီဒီယာကောင်စီများကို ဖွဲ့စည်းကြရသည့် ရည်ရွယ်ချက်ကို ပြန်လည်ဆန်းစစ်ကြည့်မည် ဆိုပါက သတင်းမီဒီယာလွတ်လပ်ခွင့်များကို ကာကွယ်ပေးရန်နှင့် သတင်းမီဒီယာသမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်သည်ဟု ယေဘုယျအားဖြင့် နားလည်ထားကြပါကြောင်း၊ အမှန်တကယ်တွင် သတင်းမီဒီယာကောင်စီဖွဲ့စည်းရသည့် ရည်ရွယ်ချက်သည် သတင်းမီဒီယာ လွတ်လပ်ခွင့် နှင့် သတင်းမီဒီယာသမားများ၏ အကျိုးစီးပွားအတွက်သာမက ပြည်သူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေး များကိုပါ အကာအကွယ်ပေးရန်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများ သတင်းအချက်အလက် လွတ်လပ်စွာရယူဖြန့်ဖြူးခွင့် ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်းအချက်အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်ဟု အသိပေးပြောကြားလိုပါကြောင်း။

 

လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံသားပြည်သူများအတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဆိုသည့် မဏ္ဍိုင်ကြီး (၃)ရပ်သည် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို တည့်တည့်မတ်မတ် ရှေးရှု ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းမဏ္ဍိုင်ကြီး(၃)ရပ် အစဉ်အမြဲတည့်မတ် နေစေရေးအတွက် အရည်အချင်းပြည့်ဝပြီး သမာသမတ်ရှိသည့် မီဒီယာအားလုံးက စောင့်ကြပ်ကြည့်ရှု၍ စေတနာမှန်မှန်ဖြင့် ထောက်ပြခြင်း၊ ဝေဖန်ခြင်း၊ အကြံပြုခြင်း စသည်များနှင့် မူလမဏ္ဍိုင်ကြီး(၃)ရပ် မယိမ်းမယိုင်ရအောင် ကျားကန်ထောက်မ ပေးနေရမည်ဖြစ်ပါကြောင်း၊ ယင်းသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာများ၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊  ထို့ကြောင့် မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန် ထမ်းဆောင်စဉ်ကတည်းက မီဒီယာကို တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင် အဖြစ် အသိအမှတ်ပြုကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါကြောင်း။

 

မိမိတို့အနေဖြင့် သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍကို အလေးထားသကဲ့သို့ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ဆန္ဒပြင်းပြသည်ဆိုသည်ကို မိမိနှင့် သတင်းမီဒီယာကောင်စီတို့ တွေ့ဆုံခဲ့မှုများ ကို ပြန်ကြည့်လျှင် သိမြင်နိုင်မည်ဖြစ်ပါကြောင်း၊ ပြန်လည်အမှတ်ရအောင် ပြောကြားရမည်ဆိုပါက သတင်းမီဒီယာ ကောင်စီနှင့် ၂၀၁၄ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၆ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး တပ်မတော်နှင့် သတင်းမီဒီယာသမားများ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက် ပေးခဲ့ပါကြောင်း။

 

မိမိတို့နိုင်ငံသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကို တည်ဆောက်နေသည့် နိုင်ငံဖြစ်သည်နှင့်အညီ သတင်းမီဒီယာ၏ အခန်းကဏ္ဍကို အထူးပင်အလေးထားပါကြောင်း၊ ထို့ကြောင့်လည်း ပြည်သူကရွေးချယ်တင်မြှောက် သည့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ ၂၀၁၄ ခုနှစ်တွင် စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်း မီဒီယာဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါကြောင်း၊ အဆိုပါသတင်းမီဒီယာဥပဒေ၏ ရည်ရွယ်ချက်ထဲတွင် “သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်နိုင်စေရန်”ဟု အတိအလင်းဖော်ပြ ထားသည်ကိုကြည့်ပါက နိုင်ငံတော်၏ သတင်းမီဒီယာ လောကအပေါ် လေးစားတန်ဖိုးထားမှု၊ ယုံကြည် အားကိုးမှု အတိုင်းအတာကို သိရှိ နားလည်နိုင်မည် ဖြစ်ပါကြောင်း။

 

မိမိကိုယ်တိုင်လည်း မီဒီယာ၏အခန်းကဏ္ဍကို အထူးစိတ်ဝင်စားသကဲ့သို့ မီဒီယာကဏ္ဍ တိုးတက်မြင့်မား ရေးနှင့် ပတ်သက်လျင်လည်း တတ်နိုင်သည့် ကိစ္စရပ်များအားလုံး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ခြင်း များရှိပါကြောင်း၊ သတင်းမီဒီယာလောကကို သတင်းမီဒီယာကျင့်ဝတ်များနှင့်အညီ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုစေရန်၊ သတင်းနှင့်မီဒီယာအခန်းကဏ္ဍဆိုင်ရာ နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့မီဒီယာလောက သည် နိုင်ငံတကာစံနှုန်း၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီမီဒီယာနည်းပညာများကို သင်ယူလေ့လာနိုင်ခွင့်ရရှိစေရန်အတွက် ဆက်လက်ကြိုးပမ်းဖြည့်ဆည်း ပေးသွားမည်ဟု ပြောကြားလိုပါကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာသည် ဒီမိုကရေစီစနစ်အတွက် ဖော်ထုတ်ရေးသားပြော ဆိုခွင့်ကို တိုးမြှင့်ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍကပါဝင်ရုံသာမက ပြည်သူတစ်ဦးချင်းစီ အတွက် သိသင့်သိထိုက်သင့်သည့် ဗဟုသုတအချက်လက်များ ဖြန့်ဝေပေးခြင်းအားဖြင့် အစိုးရ၏ ပွင့်လင်းမြင်သာမှုကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ မီဒီယာသမားများ၏ ဗဟုသုတကြွယ်ဝ မှုသည်လည်း အရေးကြီးပါကြောင်း။

            ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်း အပါအဝင် နိုင်ငံ၏အခြေအနေ အရပ်ရပ်၊ ကမ္ဘာ့ အခြေအနေအရပ်ရပ်များကို သိရှိနားလည်ထားမည်ဆိုပါက မိမိလုပ်ငန်းအတွက် များစွာအထောက်အကူရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖတ်ရှု လေ့လာမှတ်သားခြင်းများ အမြဲပြုလုပ်နေရန်လိုပါကြောင်း၊ ထိုသို့လုပ်ဆောင်မှသာလျင် ပြည်သူကို မျှဝေနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း လူမျိုးစွဲ၊ ဝါဒစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ၊ နိုင်ငံရေးဝါဒမှိုင်းမမိဘဲ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရပ်တည် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့က ယုံကြည်လေးစားအားကိုးရသည့် သတင်းမီဒီယာသမားများအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မည် ဖြစ်ပါကြောင်း။

 

သို့သော် မျက်မှောက်ကာလ၌ တွေ့ရှိနေရသည်မှာ ပဋိပက္ခများ၊ သဘောထားကွဲပြားမှုများကို ပြေလျော့သွား အောင် လုပ်ရမည့်အစား မီးလောင်ရာလေပင့်သကဲ့သို့ ပိုမိုအားကောင်းလာအောင် လုပ်ပေး နေကြပါကြောင်း၊ ယင်းအခြေ အနေမျိုးကို ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများအပြား တွေ့မြင်နေကြရပါကြောင်း။

 

သတင်းမီဒီယာသမားများသည် သတင်းအချက်အလက်ကို အခြေခံပြီး အမှန်တရားကို ဖော်ထုတ်သူများ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ သတင်းစာဆရာကြီး ဦးထွန်းဖေက စစ်မှန်သည့် သတင်းမီဒီယာသမား၊ တာဝန်သိသည့် သတင်းမီဒီယာသမားများကို တိုင်းပြည်၏ ကြီးလေးသောတာဝန်ကို ထမ်းဆောင်နေကြသည့် “ပြည်ကြီးပုခုံး” “ပြည်ကြီးမျက်လုံး”များ ဖြစ်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် ယင်းကဲ့သို့ စစ်မှန်မှုမရှိဘဲ ဘက်လိုက်ရေးသားသည့် သတင်းမီဒီယာသမားများ၊ ကျင့်ဝတ်သိက္ခာမဲ့သည့် သတင်းမီဒီယာ သမားများ၊ နိုင်ငံနှင့်လူမျိုး၏ အကျိုးစီးပွားကို မကြည့်ဘဲ တိုင်းတစ်ပါး၏ကြိုးဆွဲရာ ရေးသားဖော်ပြနေသည့် မီဒီယာသမားများ များစွာရှိနေသည့်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် လိုအပ်သလို ထိန်းကျောင်း ပြုပြင်ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း။

 

အခါအခွင့်သင့်သဖြင့် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်ကို အနည်း ငယ်ပြောကြားလိုပါကြောင်း၊ အားလုံးသိကြသည့်အတိုင်း လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က တပ်မတော်ကဦးစီးဦးဆောင်ပြုပြီး ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ကူးပြောင်းပေးခဲ့သကဲ့သို့ ဒီမိုကရေစီစနစ်နှင့် လိုက်ဖက်မည့် အင်စတီကျူးရှင်း များကို လည်း စနစ်တကျဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီ စနစ်ကို ကူးပြောင်းခဲ့ပြီးဖြစ်သည်ဟု ဆိုနိုင်သော်လည်း အများစုသည် ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု(Democratization)ကို ကွဲကွဲပြားပြား နားလည် သိရှိရန် လိုအပ်နေပါကြောင်း။

 

ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအုပ်ချုပ်သည့်စနစ်ဟု အလွယ်ပြောနိုင်သော်လည်း ယင်းစနစ်ကိုကျင့်သုံး ဆောင်ရွက်ရန်အတွက် Democratization ဟု ခေါ်သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းကြသည့်အခါ ချက်ချင်းလက်ငင်း ပြီးပြီးရောပြောင်းလဲ ပေး၍မရဘဲ အဆင့်ဆင့် ကူးပြောင်းရသည်ကို Democratization ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါကြောင်း။

 

ကမ္ဘာ့နိုင်ငံအသီးသီးတွင် Democratization ပုံစံမျိုးစုံရှိကြသော်လည်း မိမိတို့နိုင်ငံ၏ ကူးပြောင်းမှုပုံစံသည် တိုင်းပြည်၏ပကတိ အခြေအနေနှင့် လူမှုစီးပွား ဖြစ်ထွန်းမှုများ၊ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဓလေ့ ဖွံ့ဖြိုး မှုများ အပေါ်တွင် အခြေခံစဉ်းစားပြီး နိုင်ငံ၏ပကတိအခြေအနေနှင့်ကိုက်ညီပြီး ပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကူးပြောင်းပေးခဲ့သည့် ဖြစ်စဉ်ကြီး ဖြစ်ပါကြောင်း၊ တစ်နည်း အားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် မပျက်မကွက် လိုက်နာဆောင်ရွက်ရမည့် အသက်ခန္ဓာကြီး တစ်ခုဖြစ်သည်ဆိုသည်ကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြသည့် ပုဂ္ဂိုလ်များအားလုံး သိရှိထားကြပြီးဖြစ်ပါကြောင်း။

 

ယနေ့အချိန်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို တပ်မတော်အား လွှဲအပ်တာဝန်ပေးချက်အရ တာဝန်ယူဆောင်ရွက်နေချိန် ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို လွှဲပြောင်းရယူပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်လုပ်ဆောင်နေပါကြောင်း၊ ယင်းလုပ်ငန်းစဉ်(၅)ရပ်သည် မိမိတို့နိုင်ငံ၏အခြေအနေ အချိန်အခါနှင့်ကိုက်ညီသည့် လုပ်ငန်းစဉ်များဖြစ်သည့် အတွက် အောင်မြင်အောင် ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ထားပြီး ဖြစ်သည်ကိုလည်း အသိပေးပြောကြား လိုပါကြောင်း။

 

ထို့အပြင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကို တရားမျှတသော၊ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တစ်ခုဖြစ်အောင် ဝိုင်းဝန်းထူထောင် ဆောင်ရွက်ပေးနေချိန် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့အခြေအနေတွင် ပြည်ပပယောဂ အနှောင့်အယှက်များကင်းရှင်းစေရန်နှင့် ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များကို တရားဥပဒေ ဘောင်အတွင်းက အေးချမ်းတည်ငြိမ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ ဆူပူအုံကြွမှုများကိုဖန်တီးပြီး အကြမ်းဖက်လမ်းစဉ်များဖြင့် တိုင်းဖျက်ပြည်ဖျက် ဆောင်ရွက် နေမှုများကိုလည်း ဝိုင်းဝန်းဆန့်ကျင်ဟန့်တားပေးကြရန် လိုအပ်သည်ဟု ပြောကြားလိုပါကြောင်း။

 

သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာကောင်စီ၏ အဓိကလုပ်ငန်းစဉ်များကို ပြန်ကြည့်မည်ဆိုပါက ဥပဒေနှင့်အညီ လွတ်လပ်စွာရေးသားဖြန့်ချိခွင့်၊ ထုတ်လွှင့်ရရှိရေးကို ဆောင်ရွက်ပေးခြင်း၊ သတင်းမီဒီယာ သမားများ လိုက်နာရမည့်တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းနှင့် ကျင့်စဉ်များကို လိုက်နာခြင်းမရှိသော စာနယ်ဇင်းသမားများ အား အငြင်းပွားမှုနှင့် တိုင်ကြားမှုညှိနှိုင်းဖြေရှင်းရေးကော်မတီက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ စိစစ်ခြင်း၊ ကောင်စီဝင်အားလုံး တက်ရောက်သော နှစ်ပတ်လည်အစည်းအဝေး အစီရင်ခံစာပြုစုခြင်း၊ ဘဏ္ဍာရေးကိစ္စ ညှိနှိုင်းခြင်းတို့ကိုပြုလုပ်ပြီး နိုင်ငံတော် အကြီးအကဲထံ အစီရင်ခံစာတင်ပြခြင်း၊ ကောင်စီဝင်အားလုံးပါဝင်သော အစည်းအဝေးကို အနည်းဆုံး နှစ်လတစ်ကြိမ် ကျင်းပခြင်း ဟူသည့် အချက်များကို တွေ့ကြရမည်ဖြစ်ပါကြောင်း။

 

ယခုဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် စာနယ်ဇင်းဆိုင်ရာ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များ ပါဝင်ကြသည့်အတွက် သတင်းသတင်းမီဒီယာ လောကအကျိုး၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို အောင်မြင်အောင်ဖော် ဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။

 

မိမိအနေဖြင့်မှာကြားလိုသည်မှာ သတင်းမီဒီယာလုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်း များသည် လူတစ်စုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက် မဖြစ်စေရဘဲ တစ်မျိုးသားလုံးအကျိုး၊ နိုင်ငံတော်အကျိုးအတွက်သာ ဖြစ်စေရမည်ဖြစ်ပါကြောင်း၊ စာနယ်ဇင်း သမားတစ်ဦးချင်း၏ ပုဂ္ဂလဓိဋ္ဌာန်ဖြစ်ပေါ်မှုများမှ ဓမ္မဓိဋ္ဌာန်ဖြစ်မှုကို ပြောင်းလဲလုပ်ဆောင်သွားကြရန် အထူးလိုအပ်လှပါကြောင်း။

 

ယနေ့ခေတ်တွင် မီဒီယာကဏ္ဍကိုပြောမည်ဆိုပါက သမားရိုးကျမီဒီယာ (Traditional Media)  ဟုပြောရမည် ဖြစ်သည့် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာအပါအဝင် ပုံနှိပ်မီဒီယာများသာမက မီဒီယာအသစ်(New Media)ဟု ခေါ်နေကြသည့် လူမှုမီဒီယာကွန်ရက်(Social Media)များ၏ အချိန်တိုအတွင်း၌ တွင်တွင်ကျယ်ကျယ် ထိရောက်ပျံ့နှံ့လာမှုကိုလည်း အကျိုးရှိစွာအသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ပြည်သူများကို ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိပညာများ၊ အတွေးအခေါ် များ ရှိစေရန်နှင့် လူငယ်လူရွယ်အားလုံး ပညာရေးလမ်းကြောင်းပေါ်တွင် ကောင်းမွန်မှန်ကန်စွာရပ်တည်နိုင်ပြီး ခေတ်ပညာတတ်လူငယ်များ ဖြစ်အောင် ဆောင်ရွက်ကြ ရာတွင် မီဒီယာများ၏ပံ့ပိုးမှု၊ စေ့ဆော်မှု၊ တိုက်တွန်းမှု၊ လမ်းညွှန်ပြသမှုများသည် ထိရောက်သည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို အသိပေးပြောကြားလိုပါကြောင်း၊ ယနေ့ အချိန်အခါတွင် လူငယ်များအားလုံး ပညာတတ်ဖြစ်စေရေးသည် နိုင်ငံအတွက် အထူးအရေးကြီးသည့် အချိန်ဖြစ်သည်ဟု ပြောလိုပါကြောင်း။

 

ထို့ကြောင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများအနေဖြင့် ပစ္စုပ္ပန် ကာလတွင် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ပြည်သူများ၏ လူမှုအကျိုးစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မီဒီယာ၏ အခန်းကဏ္ဍသည် အဓိကထောက် တိုင်ကြီး တစ်ခုဖြစ်နေသကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီး အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် အနာဂတ်ကိုဦးဆောင်မည့် မျိုးဆက်များကို မှန်ကန်သည့်အသိ အမြင်၊ အတွေးအခေါ်များရှိသည့် ပညာတတ်မျိုးဆက်များအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ရေးသည်လည်း ပဓာနကျသည့် မဏ္ဍိုင်ကြီးတစ်ခုဖြစ်နေသည်ဟု ပြောကြားလိုပါ ကြောင်း။

 

သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီကြီး အားကောင်းမောင်းသန်နေရန် လိုအပ်ပါကြောင်း၊ သတင်းမီဒီယာ ကောင်စီ တည်ရှိနေခြင်းသည် သတင်းမီဒီယာသမားများ၏ အခွင့်အရေးနှင့် အကျိုး စီးပွား၊ ပြည်သူလူထု၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးရန် ဖြစ်သည့်အတွက် ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို ဦးထိပ် ထားသည့် သတင်းမီဒီယာလောကဖြစ်ပေါ်လာအောင် ဖော်ဆောင်ပေးရမည်ဖြစ် ကြောင်း၊ လွတ်လပ်ပြီး အမှီအခိုကင်းကင်း၊ အနှောင်အဖွဲ့ကင်းကင်း၊ အရောင်အသွေးကင်းကင်းနှင့် သတင်းမီဒီယာ လောကအကျိုးကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊ ကောလာဟလများ ထုတ်လွှင့်ပြီး တိုင်းပြည် မငြိမ်သက်စေရန်၊ ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော် ထုတ်လွှင့်မှုများ မပြုလုပ်ကြရေး ဝိုင်းဝန်းဆန့်ကျင်တားမြစ်ပေးကြရမည်ဖြစ်ကြောင်း၊ ကျင့်ဝတ်သိက္ခာ စောင့်စည်းပေးရန်နှင့် စည်းကမ်းဥပဒေလိုက်နာဆောင်ရွက်ရန် ကြပ်မတ်ထိန်းကျောင်း ပေးကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကောင်စီအဖွဲ့ဝင်များသည် မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက် ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)