မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ မျှော်လင့်ချက်

နေပြည်တော် ၁၆ စက်တင်ဘာ

 

နိုင်င်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က ဟနွိုင်းမြို့ရှိ National Convention Center ၌ ကျင်းပသည့် အာဆီယံဒေသဆိုင်ရာ (၂၇) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ဖွင့်ပွဲနှင့် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့တက်ရောက်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စတုတ္ထစက်မှု တော်လှန်ရေး အသွင်ကူးပြောင်းမှုဆိုင်ရာ မြန်မာနိုင်ငံနှင့်အာဆီယံတို့၏ အခန်းကဏ္ဍအပေါ် ဆွေးနွေး တင်ပြခဲ့ပါသည်။

 

ပထမဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလကျပ်၌ တိုးတက်ပြောင်းလဲနေသော နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ထိုးဖောက်ဆောင်ရွက်ရန် လိုအပ်ပုံကို အလေးအနက်ထား ပြောကြားခဲ့ပါသည်။ ဤကဲ့သို့ အလေး အနက်ထားပြောကြားရာကျပ်၌လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှု လျင်မြန်စွာတိုးပွားလာမှုကို ဥပမာပေးပြောကြားခဲ့ပါသည်။ ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏မိုဘိုင်းဖုန်းသုံးစွဲမှုသည် တစ်ရာခိုင်နှုန်းအောက်မှ ၁၀၅ ရာခိုင်နှုန်းသို့ ခုန်တက်တိုးပွားခဲ့ပါသည်။ ဤကဲ့သို့ စိန်ခေါ်မှုများကို ရင်ဆိုင်ရာ၌ ယှဉ်ပြိုင်မှုများအား ကြောက်ရွံ့ရန်မလိုသည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့ပါသည်။

 

စက်မှုအသွင်ကူးပြောင်းရေးဆောင်ရွက်ရာ၌ လူသားတို့၏ အခန်းကဏ္ဍသည်သာ ပဓာနဖြစ်သည်ကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မီးမောင်းထိုး တင်ပြခဲ့ပါသည်။ အဆိုပါလူသားတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ခေါင်းဆောင်ဟူသည် တီထွင်နိုင်မှုအပါအဝင် မျှဝေခံစားမှုတို့နှင့် ဆက်စပ်လျက်ရှိသည်ကို တင်ပြဆွေးနွေးခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတို့၏ စက်မှုလုပ်ငန်းများ ထူထောင်ရေးဖြစ်စဉ်တို့အပေါ် ဆွေးနွေးတင်ပြရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်ချိန်က ကျွမ်းကျင်မှုနည်းပါးသော လုပ်သားများအပေါ် မှီခိုရာမှ ယခုအခါ အာဆီယံနိုင်ငံများ အနေဖြင့် ကျွမ်းကျင်မှုနှင့် နည်းပညာတိုးတက်ရေးအတွက် ပြင်ဆင်ရန်လိုအပ်သည်ကို ထောက်ပြဆွေးနွေးခဲ့ပါသည်။ အဆိုပါစက်မှုလုပ်ငန်း အပြောင်းအလဲဖြစ်စဉ်အား ဖော်ဆောင်ရာ၌ ပညာရေးအား လက်တွေ့ကျသည့် အရည်အချင်းပြောင်းလဲမှုအဖြစ် ဖော်ဆောင်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းတင်ပြခဲ့ပြီး လူငယ်တို့၏တီထွင်ကြံဆနိုင်မှု အတွေးအခေါ်တို့အား လှုံ့ဆော် တွန်းအားပေးရန်ပါအကြံပြုဆွေးနွေးခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့နိုင်ငံအနေဖြင့် စတုတ္ထစက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကာလသို့ ကူးပြောင်းဆောင်ရွက်ရာတွင် ပြည်သူများအတွက်ငွေကြေးဆိုင်ရာ လုံခြုံမှုသာမက အခြားသော လုံခြုံမှုများဖြင့်ပါ ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း တင်ပြဆွေးနွေးခဲ့မှုသည် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ မျှော်လင့်ချက်ကို တင်ပြခဲ့ခြင်းဖြစ်ပါကြောင်းလေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း