မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ  အမိန့်ကြော်ငြာစာအမှတ်  ၁၂/ ၂၀၂၂ ထုတ်ပြန်

အမိန့်ကြော်ငြာစာအမှတ်   ၁၂   / ၂၀၂၂
၁၃၈၃ ခုနှစ် ၊ တန်ခူးလဆန်း     ၃    ရက်
(၂၀၂၂ ခုနှစ်၊ ဧပြီလ  ၃  ရက်)


၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။ 
၂။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မ ၁၂ နှင့် ပုဒ်မ ၁၃ ပါ သတ်မှတ်ပြဋ္ဌာန်းချက် များအရ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက် (၁) ရက် အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမည်။
၃။ အပိုဒ် (၂) ပါအတိုင်း ဆောင်ရွက်ရာတွင် ကင်းလွတ်ခွင့်ပြုမည့် ကိစ္စရပ်များ ပေါ်ပေါက်ပါက သီးခြားထုတ်ပြန်ဆောင်ရွက်မည်။
၄။ နိုင်ငံခြားသုံးငွေများ ပြည်ပသို့လွှဲပြောင်းခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှ တစ်ဆင့်ဆောင်ရွက်ရမည်။ 
၅။ ဤအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မတိုင်မီ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးသော နိုင်ငံခြားငွေစာရင်း အသီးသီးရှိ နိုင်ငံခြားငွေများကိုလည်း ဤအမိန့်ကြော်ငြာစာ အပိုဒ် (၂) ပါ အတိုင်း ဆောင်ရွက်ရမည်။ 
၆။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၃-၁၀-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာ အမှတ် ၃၅/၂၀၂၁ အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
၇။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။
၈။ ဤအမိန့်ကြော်ငြာစာကို လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်။

သန်းညိန်း
ဥက္ကဋ္ဌ