နေပြည်တော် ၃၀ ဇူလိုင်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Alexander C. Feldman နှင့် Senior Vice President and Regional Managing Director Ambassador Michael W. Michalak နှင့်အဖွဲ့အား ယမန်နေ့ညနေ ၆ နာရီက နေပြည်တော်၌ Video Conferencing ဖြင့် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အမေရိကန်-အာဆီယံစီးပွားရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အခုလို တွေ့ဆုံဆွေးနွေးရခြင်းအတွက် အထူးဝမ်းမြောက်မိပါကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် စီးပွားရေးလုပ်ဆောင်ချက်များ ပြန်လည်ကောင်းမွန်၍ နိုင်ငံ၏ စီးပွားရေးကိုတွန်းအားပေး နိုင်ရန်အတွက် ဗဟိုဘဏ် အတိုးနှုန်းအား ၁၀ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ စုစုပေါင်း ၃၀၀ အခြေခံအမှတ်အထိ လျှော့ချပေး ခဲ့ပါကြောင်း၊ ထို့ပြင် ပြည်တွင်းငွေရေးကြေးရေးဈေးကွက် အတွင်း ငွေဖြစ်လွယ် မှုကို အထောက်အကူပြု စေရန်အတွက် ဘဏ်များမှအနည်းဆုံးထား ရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် အချိုးအား ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချ ထားရှိရန် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလကုန်အထိ ခွင့်ပြုပေးထားပါကြောင်း၊ ပြည်တွင်း ဘဏ် စနစ်အတွင်း ငွေဖြစ်လွယ်မှု လုံလောက်စေရန် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြုလုပ်နေသည့် အပ်ငွေလေလံ ခေါ်ယူခြင်းကို ယာယီရပ်ဆိုင်းထားပါကြောင်း။
နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းပုဂ္ဂလိက ဘဏ် (၁၃) ခုကို မိုဘိုင်းဘဏ် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားပါကြောင်း၊ မိုဘိုင်းကွန်ရက်ဆောင်ရွက်သူ (Mobile Network Operator-MNO) နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့ အစည်း (Non-bank Financial Institution-NBFI) များကို မိုဘိုင်းနည်း ပညာအသုံးပြု၍ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားပါကြောင်း၊ နိုင်ငံတကာတွင် အသုံးပြုမှုတွင်ကျယ်လာသည့် ငွေပေးချေမှုနည်းလမ်း တစ်ခုဖြစ်သည့် QR Code Payment ကို အသုံးပြုနိုင်ရန်အတွက် National Standard for QR Code ဖြစ်သည့် MMQR ကို အကောင် အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ထူထောင်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး (Myanmar's Digital Economy) အရှိန်မြှင့်တင်ရေးနှင့် Cashless Payment Systems တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ အစည်းအဝေး တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးစိုးမင်း၊ ဉီးစိုးသိန်းနှင့် ဦးဘိုဘိုငယ်နှင့် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီဘက်မှ Bower Group Asia ၊ Chevron ၊ Chubb ၊ Visa နှင့် US ICT Council Myanmar အပါအဝင် အမေရိကန် ထိပ်တန်းကုမ္ပဏီများမှ ဒေသဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)