မြန်မာနိုင်ငံတော်ဗဟိုဘဏ် Learning and Training Center ဖွင့်ပွဲကျင်းပ

နေပြည်တော်    ဇန်နဝါရီ    ၂၈

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Learning and Training Center ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပသည်။

 

အဆိုပါ Learning and Training Center ကို ကမ္ဘာ့ဘဏ်မှ ၂၀၁၇ ခုနှစ် ဇွန် ၂၇ ရက်မှ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအောက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး Learning and Training Center ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် အရာထမ်း ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မည့် ပြည်တွင်း/ပြည်ပသင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ရန်၊ Seminar နှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အရာထမ်း ဝန်ထမ်းများအနေဖြင့် ဌာနအသီးသီး၏ လုပ်ငန်းတာဝန်များနှင့် ဘာသာရပ်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ပိုမိုနားလည် တတ်ကျွမ်းလာစေရန်၊ အပြည်ပြည်ဆိုင်ရာမှ ဘဏ်လုပ်ငန်းနှင့်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ဟောပြောပို့ချသည့် သင်တန်းများကိုလည်း နိုင်ငံတကာအဆင့်မီ Learning Equipment များ ခေတ်မီစက်ကိရိယာများဖြင့် သင်ကြားနိုင်စေရန် တို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

 

Learning and Training Center ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာခင်နိုင်ဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များအသင်း ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဒေါ်ခင်စောဦး တို့က Learning and Training Center အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း က Learning and Training Center ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး မင်္ဂလာမော်ကွန်း ကြေးပြားကို အောင်သပြေပန်း နံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက Learning and Training Center ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌက Learning and Training Center တည်ထောင်ခြင်းနှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်