နေပြည်တော်၊ ၁၁ဖေဖော်ဝါရီ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ဌာန၏ လုပ်ငန်းဆောင်ရွက်မှု နောက်ဆုံးအခြေအနေများကို သိရှိရန်နှင့် လုပ်ငန်းခွင်၌ ဖြစ်ပေါ်နေသော အခက်အခဲများကို ညှိနှိုင်းဖြေရှင်းရန် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ငွေကြေးမူဝါဒရေးရာဌာနအနေဖြင့် နိုင်ငံ၏ငွေကြေးမူဝါဒနှင့် ငွေရေးကြေးရေးကဏ္ဍကို စည်းမျဉ်းထိန်းကျောင်းခြင်းများကို ဆောင်ရွက်လျက်ရှိသော ဌာနဖြစ်၍ အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့် တက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် အခက်အခဲရှိပါက ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့၏ သမိုင်းပေးတာဝန်များကို ပခုံးပြောင်း၍ စည်းလုံးညီညွတ်ကျေပွန်စွာဖြင့် ထမ်းဆောင်ရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ငွေကြေး မူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းဌာန ညွှန်ကြားရေးမှူးချုပ်က ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ခြုံငုံရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးသည်။
ဆွေးနွေးပွဲ၌ ငွေကြေးမူဝါဒနှင့် အတိုးနှုန်းမူဝါဒများကို ချမှတ်အကောင်အထည်ဖော်ခြင်း၊ ဈေးနှုန်းတည်ငြိမ်မှု ရှိစေရန် ဆောင်ရွက်ခြင်း၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသော စီးပွားရေးရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အချက်အလက်နှင့် ကိန်းဂဏန်းများ ရရှိရန်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နှစ်ချုပ်အစီရင်ခံစာ၊ ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် Quarterly Financial Statistics Bulletin များထုတ်ဝေခြင်း၊ ဘဏ်လုပ်ငန်းစည်းမျဉ်းဆိုင်ရာ ကြီးကြပ်ထိန်းကျောင်းမှုများနှင့် စည်းမျဉ်းများထုတ်ပြန်ခြင်း၊ နိုင်ငံခြားဘဏ်များနှင့် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ AML/CFT ဆိုင်ရာကိစ္စများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သော IMF၊ ကမ္ဘာ့ဘဏ်၊ SEACEN တို့နှင့် မူဝါဒရေးရာ၊ သင်တန်းနှင့်ချေးငွေဆိုင်ရာများကို ဆက်သွယ်ဆောင်ရွက်ခြင်း လုပ်ငန်းကဏ္ဍများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ က လုပ်ငန်းထိရောက်မြန်ဆန်မှုရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


