နေပြည်တော် မတ် ၆

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ သည် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ရွှေဈေးကွက်တွင် စနစ်တကျ ရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် ဈေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် ဈေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေစျေး၊ ငွေဈေးကစားပြီး စျေးနှုန်းမတည် မငြိမ်ဖြစ်အောင်ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေးယူသွားမည်ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆက်လက် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် လက်ရှိလုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျထိန်းကျောင်းသွားရန် လိုအပ်ကြောင်း ဆွေးနွေးသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေရောင်းဝယ်ရာ၌ မသမာမှုပြုလုပ်၍ ဈေးကစားမှုများအပေါ် ကြီးကြပ်အရေးယူမှုများ ဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ အမိန့်ထုတ်ပြန်ရာတွင် အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ရေးအတွက် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ရန်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများအနေဖြင့်  ရည်ညွှန်းရွှေဈေးနှုန်းထုတ်ပြန်ပြီး ကျော်လွန် ရောင်းချသူများကို အရေးယူနိုင်မည့်နည်းလမ်းများကိုလည်းကောင်း၊ အစည်းအဝေးတက်ရောက် လာသူများက လိုအပ်သည့်အမိန့်များ ထုတ်ပြန်ရာတွင် ဦးစီးဆောင်ရွက်မည့်ဝန်ကြီးဌာန၊ ဆက်လက် ထိန်းချုပ်ကြီးကြပ်ကွပ်ကဲမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို သေချာစွာစနစ်တကျချမှတ် ဆောင်ရွက်သွားရမည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးကြသည်။ 

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ၊ ထုတ်ပြန်ထားသည့်အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး လက်ရှိဆောင်ရွက်ချက်များ၊ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လိုအပ်သည့် အမိန့်ကြော်ငြာစာ များထုတ်ပြန်နိုင်ရန် ဆက်လက်တင်ပြဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးကြသည်။ 

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ရွှေဈေးကွက်တည်ငြိမ်ခိုင်မာရေးအတွက် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်စပ်လျဉ်း၍ ထုတ်ပြန်ဆောင်ရွက်သင့်သည့် အစီအစဉ်များကိုလည်းကောင်း၊ တရားမဝင်ရောင်းဝယ်သူများကို သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့် ထိရောက်စွာအရေးယူနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန်အစီအမံများကိုလည်းကောင်း ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်