မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်နေသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံ နှင့်စပ်လျဉ်းသည့် အသိပေးကြေညာချက်

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ   ၂၄    ရက်

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အချက်‌ (၂‌) ချက်အား အကောင်အထည်ဖော်ရန်အတွက်  စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင် လေလံအား ဆောင်ရွက်လျက်ရှိပါသည်။

၂။       မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ‌စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ် ထားပြီး အဆိုပါစည်းမျဥ်းညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer – AD)  ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ် (၃) ဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် (၁၉) ဘဏ် နှင့် နိုင်ငံခြား ဘဏ်၊ ဘဏ်ခွဲ (၁၃) ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ရောင်းခြင်းတို့ကို ဆောင်ရွက်ပါသည်။

၃။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

(က)    ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်း စေရန် -

အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ် နှုန်းနှင့် ယခင်ရက် ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း။ ယင်းသို့ နှိုင်းယှဉ်ချက် အရ -

  • မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်း များအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊
  • မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်း များအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း။

 ( ခ )  နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် -

အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း (၂၀) အတွင်း၌ ဖြစ်ပေါ်သည့် ပျှမ်းမျှ မြန်မာကျပ်ငွေ နှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း။ ယင်းသို့ နှိုင်းယှဉ်ချက်အရ -

  • မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်း များအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန်  စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း။

( ဂ )   စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့် ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များကတင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချ ရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအ‌ရောင်း အဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ဝယ်ယူ၊ရောင်းချပါသည်။

၄။        အထက်အပိုဒ်များတွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြား‌ငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံခြားငွေ ဈေးပြိုင်လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်း မဟုတ် ကြောင်း အသိပေးအပ်ပါသည်။

 

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်