နေပြည်တော် စက်တင်ဘာ   ၁

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်စည်းမျဉ်းများကို အပြည့်အဝ လိုက်နာဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ကျင်းပရာမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန် သည့်နေ့တွင် ပုဂ္ဂလိကဘဏ်များအားလုံး၏ ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ်များ အားလုံးနှင့်တွေ့ဆုံ၍ နိုင်ငံတော်၏စီးပွားရေးတိုးတက်ရန်အတွက် ဘဏ်လုပ်ငန်းကဏ္ဍစနစ်တကျ ဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ရန် အချက်များကို  ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းကဏ္ဍ တည်တည်ငြိမ်ငြိမ်ဖြင့်ဖွံ့ဖြိုးရေးနှင့် ငွေအပ်နှံသူများ၏ အကျိုးစီးပွားများ ကာကွယ်နိုင်ရေးအတွက် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ဘဏ်များအားလုံး စည်းမျဉ်း စည်းကမ်းညွှန်ကြားချက်များ လိုက်နာမှု အခြေအနေနှင့်စပ်လျဉ်း၍ ဘဏ်များရယူထားသည့် Risk-taking Level ၊ တိုင်းပြည်၏ မေခရို စီးပွားရေးအခြေအနေ၊ ပြင်ပသက်ရောက်မှုများ၊ ချေးငွေဆုံးရှုံး နိုင်ခြေ (Credit Risk) နှင့်စပ်လျဉ်း၍ ဘဏ်များတွင် ပြင်ဆင်ဆောင်ရွက်ထားရမည့် ဘဏ်တွင်း ကြီးကြပ်ကွပ်ကဲမှု (Internal Control) အခြေအနေ ၊ လက်တွေ့အကောင်အထည်ဖော်နေသည့် ဆုံးရှုံး နိုင်ခြေစီမံခန့်ခွဲမှု(Risk Management)အခြေအနေများ စသည့်အဖက်ဖက်မှ ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးခဲ့ရသည်များ ရှိပါကြောင်း၊

 

ဘဏ်လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာများကို ယခုလို အစည်းအဝေးများတွင် ပွင့်လင်း လွတ်လပ်စွာ ဆွေးနွေးနိုင်ပြီး၊ Public ထံ မှန်ကန်သည့် Information များစီးဆင်းနိုင်ရန်နှင့် လုပ်ငန်းတိုးတက် ဖွံ့ဖြိုးမှုလိုအပ်ကြောင်း၊အသိနှင့်သတိယှဉ်ပြီး လုပ်ငန်းဆောင်ရွက်ရန်နှင့်လုပ်ငန်း ဖွံ့ဖြိုးမှုနှင့်စည်းမျဉ်း စည်းကမ်း လိုက်နာမှုအပိုင်းကို မျှတအောင် ဆောင်ရွက်သွားနိုင်ရန် လိုအပ်ကြောင်း၊ ဘဏ်များ၏ Risk Management Team နှင့် ဘဏ်၏ Senior Management အဖွဲ့များ ဗဟိုဘဏ်က သတ်မှတ်ထားသည့် စည်းမျဉ်း ညွှန်ကြားချက်များ လိုက်နာနေမှု အခြေအနေကို ဗဟိုဘဏ်၏ သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ် စောင့်ကြည့်ကြပ်မတ်လျက်ရှိပါကြောင်း၊ SMEs လုပ်ငန်းများအပါအဝင် ပြည်တွင်းကုန် ထုတ်လုပ်မှုလုပ်ငန်းများကို ငွေကြေးပံ့ပိုးရေးကို အလေးထားဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဘဏ်တွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုပါကြောင်း၊ ဗဟိုဘဏ်က ဘဏ်များ အားလုံး စည်းမျဉ်းစည်းကမ်းနှင့်လိုက်နာ ဆောင်ရွက်ရန် တွန်းအားပေးနေခြင်းသည် ဘဏ်စနစ် တည်ငြိမ်ခိုင်မာရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မှာကြားသည်။  

 

ဆက်လက်၍ Market အခြေအနေပေါ်မူတည်ပြီး Business Strategy ပြင်ဆင် ဆောင်ရွက်ရန်၊ နိုင်ငံခြားငွေကိစ္စရပ်များကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ရန်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများကို Monitoring အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းအားလုံးကို အပြည့်အဝ ဆက်လက်လိုက်နာသွားရန် မှာကြား လိုပါကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ယင်းနောက်တက်ရောက်လာသည့် ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိ ချုပ်များက သက်ဆိုင်ရာဘဏ်အလိုက် ဆောင်ရွက်လျက်ရှိသည့် တိုးတက်မှုအခြေအနေများ ဆွေးနွေးတင်ပြရာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက ပြန်လည်ဖြည့်စွက်ဆွေးနွေးသည်။

 

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ကောင်းမွန်သည့် ဘဏ်စနစ်ဖြစ်ပေါ်ပြီး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်များအားလုံးစည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် လည်းဘဏ်များ၏ လိုအပ်ချက်အပေါ်မူတည်ပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ဘဏ်များအနေဖြင့် စည်းကမ်းတကျလိုက်ပါ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘဏ်လုပ်ငန်း ရေရှည်ဖွံ့ဖြိုး စေရန်အတွက် တိုးတက်ကောင်းမွန်သည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် ၊ Risk Management ကို ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

(သတင်းစဉ်)