ရန်ကုန် ၁၈ နိုဝင်ဘာ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆောင်ရွက်လျက်ရှိသည့် ငွေပေးချေမှုစနစ်အသစ် New Payment and Settlement System (CBM-Net2) ကို နိုဝင်ဘာ ၁၆ ရက်မှ စတင်အသုံးပြုလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ ထုတ်ပြန်မှုအရ သိရသည်။
ယခုအခါ ခေတ်မီအိုင်တီနည်းပညာစနစ်ကို အသုံးပြုလာသော ဘဏ်များ၏ အဓိကကျသော လုပ်ငန်းများကို အချိန်မီတုံ့ပြန်နိုင်ရန် ဂျပန်နိုင်ငံနှင့် အရှေ့နိုင်ငံများ၏ အမျိုးသားငွေပေးချေမှုစနစ် အတွေ့အကြုံကို အခြေခံထားသည့် CBM-Net2 ကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ခေတ်မီနည်းပညာကိုအသုံးပြုကာ ကွန်ပျူတာဆိုင်ရာ ငွေရေးကြေးရေးနှင့် ဘဏ်များကဏ္ဍကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ငွေပေးချေမှုကွန်ယက်စနစ် (CBM-Net) ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်ရရှိထားသော နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်၊ နိုင်ငံခြားဘဏ်ခွဲနှင့် Securities ကုမ္ပဏီ ၆ ခု အပါအဝင် ဘဏ်ပေါင်း ၄၃ ဘဏ်သည် ၂၀၁၆ ခုနှစ်ကပင် CBM-Net ကို အသုံးပြုလျက်ရှိသည်။
ငွေပေးချေမှုစနစ်သစ်သည် ဘဏ်တစ်ခုကို အသုံးပြုသူတစ်ဉီးအနေဖြင့် အခြားဘဏ်တစ်ခုကို အသုံးပြုနေသူတစ်ဉီးထံ ငွေကြေးလွှဲပြောင်းရာတွင် အချိန်နှင့်တစ်ပြေးညီ သက်သာသောနှုန်းထားဖြင့် ၂၄ နာရီအတွင်း လွှဲပြောင်းနိုင်ရန် အဆင့်မြှင့်တင်ထားသော ငွေပေးချေမှုစနစ်တစ်ခုဖြစ်သည်။ ယင်းစနစ်တွင် အထွေထွေ ဘေလ်ပေးချေမှုနှင့် လစာငွေပေးချေခြင်းကဲ့သို့သော bulk payment လုပ်ဆောင်ချက်တစ်ခုပါဝင်သည်။ အဆိုပါလုပ်ဆောင်ချက်သည် မြန်ဆန်သော ငွေသားမဲ့ငွေပေးချေခြင်း၊ လူတိုင်းပါဝင်သော ငွေကြေးကဏ္ဍနှင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်ရာတို့တွင် အကူအညီပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများသည် အိုင်စီတီနှင့် ခေတ်မီနည်းပညာဝန်ဆောင်မှုများဖြစ်သည့် မိုဘိုင်းဘဏ်စနစ်၊ မိုဘိုင်းပိုက်ဆံအိတ်၊ In house system (core banking System) စသော ခေတ်မီနည်းပညာများအသုံးပြုကာ ပြည်သူများအား ဝန်ဆောင်မှုပေးလာကြသည်။ ငွေကြေးသုံးစွဲသူများအနေဖြင့် ငွေသားကိုသာ အဓိကထားသည့် ရှေးယခင်စီးပွားရေးစနစ်မှ ငွေသားမဲ့ အီလက်ထရောနစ်စနစ်ဖြင့် ငွေပေးချေမှုကို ပြောင်းလဲကျင့်သုံးလျက်ရှိသည်။
JICA အနေဖြင့် CBM-Net2 ဖော်ဆောင်ရေးသာမက ဗဟိုဘဏ်နှင့် ပါဝင်သည့်ဘဏ်များ၏ ငွေပေးချေမှုစနစ်၊ လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းရေးတို့အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းမှတစ်ဆင့် ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)


