နေပြည်တော် ဇူလိုင် ၂၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာဗီနေးကူးမား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ယနေ့ နံနက် ၁၀ နာရီခွဲတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်ရေးတွင် အိန္ဒိယရူပီး/မြန်မာကျပ်ငွေတို့ဖြင့် တိုက်ရိုက်ငွေပေးချေရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ Punjub National Bank တွင် ဖွင့်လှစ်ထားရှိမည့် မြန်မာဘဏ်များ၏ ငွေစာရင်းတွင် မည်သည့်နည်းလမ်းဖြင့်မဆိုရရှိသည့် အိန္ဒိယရူပီးကို ထည့်သွင်းခွင့်ပြုရန်၊ နှစ်ဦးနှစ်ဖက် သဘောတူညီချက် (Concept Notes)ပါ အချက်များအနက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် အိန္ဒိယနိုင်ငံရှိ ပြည်ပအလုပ်သမားများ၏ ပြန်လည်လွှဲပို့ငွေများကို အထူးဖွင့်လှစ်ထားရှိမည့် ငွေစာရင်း တွင် လက်ခံထည့်သွင်းရန်၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အထောက်အကူပြုရန်နှင့် နည်းပညာ အကူအညီပေးရန် စသည့် သဘောတူညီမှုဆိုင်ရာအချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ကြသည်။
(သတင်းစဉ်)