ပါရို   ၂၂   ဇူလိုင်

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက် မှ (၁၅) ရက်နေ့အထိ ဘူတန်နိုင်ငံ၊ ပါရိုမြို့တွင် ကျင်းပသည့် (၄၈)ကြိမ်မြောက် အေစီယူဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးသို့ အေစီယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ၊ ဘူတန် ၊ အိန္ဒိယ ၊ အီရန် ၊ မြန်မာ ၊ နီပေါ ၊ ပါကစ္စတန် ၊ သီရိလင်္ကာနှင့် မော်လဒိုက်နိုင်ငံများ၏ ဗဟိုဘဏ်များမှ ဒါရိုက်တာအဖွဲ့ဝင်ဥက္ကဋ္ဌများ ၊ ဒုတိယဥက္ကဋ္ဌများ နှင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


အဆိုပါအစည်းအဝေး၌ အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် အလားအလာများ ၊ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အေစီယူ၏ ဆောင်ရွက်မှုများနှင့်တိုးတက် အောင်မြင်မှုများ ၊ အေစီယူစနစ်အတွင်း ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုစနစ်များ ပိုမိုအဆင်ပြေ ချောမွေ့စွာဆောင်ရွက်နိုင်ရေးဆိုင်ရာများ ၊ ဘဏ်များနှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း များအား စည်းမျဉ်းဆိုင်ရာထိန်းကျောင်းမှုများ ၊ ဗဟိုဘဏ်များအနေဖြင့် ငွေရေးကြေးရေးနည်းပညာ တိုးတက်လာမှုများနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိရေး ၊ အေစီယူ၌ အဖွဲ့ဝင်နိုင်ငံများ ပိုမိုတိုးတက်လာစေရေးနှင့် အားကောင်းခိုင်မာလာစေရေးဆိုင်ရာတို့ နှင့်ပတ်သက်၍ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်များမှ အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ(၁၆)ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။ 


MDN