နေပြည်တော်  ၆   ဒီဇင်ဘာ

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုတိယလက်ထောက်ဝန်ကြီး Mr. Robert Kaproth နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Mr. Scot Marciel တို့အား ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လက်ရှိမြန်မာနိုင်ငံ၏ ဘဏ်နှင့်ငွေရေးကြေးရေးကဏ္ဍများ၏ တိုးတက်ဆောင်ရွက်မှု၊ မြန်မာကျပ်ငွေလဲလှယ်နှုန်း ပိုမိုတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်မှု၊ အတိုးနှုန်းများဖြေလျော့ရန် ဆောင်ရွက်မှုများနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနယ်ပယ်၌ ထိရောက်စွာ လိုက်နာဆောင်ရွက်မှု၊ နိုင်ငံဖြတ်ကျော် ငွေပေးချေမှုများအတွက် ကူညီဆောင်ရွက်ပေးရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)