နေပြည်တော် မေ ၁၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်တို့ပါဝင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် မေ ၁၂ ရက်မှ ၁၃ ရက်အထိ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့တွင် ကျင်းပသည့် အကြိမ် (၅၀) မြောက် အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ) ဒါရိုက်တာအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ အေစီယူအဖွဲ့ဝင်နိုင်ငံ (၉) နိုင်ငံဖြစ်သည့် အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာ၊ ဘူတန်၊ မော်လဒိုက် နိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနှင့် အလားအလာများ၊ ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အေစီယူ၏ ဆောင်ရွက်ချက်များနှင့် တိုးတက် အောင်မြင်မှုများ၊ အေစီယူ ကျွမ်းကျင်မှု ကော်မတီမှ အကြံပြု တင်ပြချက်များဖြစ်သော နိုင်ငံဖြတ်ကျော် ပေးချေမှုများဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးတက်လာစေရေး၊ အေစီယူနိုင်ငံများအကြား ပြည်တွင်းသုံး ငွေကြေးဖြင့် ပေးချေမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် အေစီယူစနစ် ပိုမိုကျယ်ပြန့် အားကောင်း ခိုင်မာလာစေရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အဖွဲ့သည် မေ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်