နေပြည်တော် ၂၃ ဇူလိုင်

 

မြန်မာနိုင်ငံတိုင်းရင်းဆေးပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ Videoconferencing စနစ်ဖြင့် ပြုလုပ်သည်။

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ရှေးအစဉ်အဆက်မှ ယခုအထိ အားကိုးအားထားပြုသော မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာကဏ္ဍတစ်ခုလုံး ခေတ်နှင့်အညီ၊ သိပ္ပံနည်းကျစွာသုတေသန တွေ့ရှိချက်များကို အခြေခံ၍  ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်သည် အထူးအရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးပညာကဏ္ဍ ပိုမိုတိုးတက်မြင့်မားရေးအတွက် တိုင်းရင်းဆေးတက္ကသိုလ်တွင် ဝန်ကြီးဌာန၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အငြိမ်းစား တိုင်းရင်းဆေး ပညာရှင်ကြီးများအား Professor Emeritus များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဂုဏ်ထူးဆောင် ကထိကများအဖြစ် ခန့်အပ်တာဝန်ပေးကာ ၎င်းတို့၏ အတွေ့အကြုံများ၊ အသိပညာများကို တိုင်းရင်းဆေးပညာဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းသူ/သားများထံ ဟောပြောပို့ချခြင်း၊ တက္ကသိုလ် ဘက်စုံပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံပြုချက်များ ရယူခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း။

 

တိုင်းရင်းဆေးပညာရှင်ကြီးများ ပါဝင်သော တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကာ တိုင်းရင်းဆေးပညာ ကဏ္ဍဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံပြုချက်များရယူခဲ့ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် တက်ရောက်လာသော တိုင်းရင်းဆေးပညာရှင်ကြီးများ၊ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ တိုင်းရင်းဆေးရုံများမှ ဆေးရုံအုပ်များ အားလုံးတို့က ပွင်းလင်းစွာဖြင့် ဆွေးနွေးပြောကြားကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးပညာ ကဏ္ဍကိစ္စရပ်များတွင် ကောင်းမွန်သော စနစ်တစ်ခုဖြစ်ထွန်း အခြေကျစေရန် ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးလောက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းဆေးပညာတက္ကသိုလ်၏ အခန်းကဏ္ဍသည် အရေးကြီးပြီး တက္ကသိုလ်၏ သင်ရိုးညွှန်တမ်းနှင့် သင်ကြားမှုနည်းစနစ်များကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲစေလိုပါကြောင်း။

 

တိုင်းရင်းဆေးတက္ကသိုလ်မှ ဘွဲ့ကြိုနှင့် ဘွဲ့လွန် ကျောင်းသူ/ကျောင်းသားများအနေဖြင့် ပရဆေးဥယျာဉ်များနှင့် တိုင်းရင်းဆေးထုတ်လုပ်ရေး စက်ရုံများသို့ ကွင်းဆင်းလေ့လာပြီး သုံးသပ်မှုများကို စနစ်တကျပြုလုပ်ရန်မှာ အထူးအရေးကြီးပါကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများအနေဖြင့် သမားရိုးကျမှ ဖောက်ထွက်သော ဆန်းသစ်သည့် အတွေးအမြင်များဖြင့် အမြဲတမ်းပုံမှန် တိုင်ပင်ဆွေးနွေးမှုများပြုလုပ် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပံ့ပိုးဖြည့်ဆည်းရန်လိုအပ်သည့် ကိစ္စရပ်များကိုသာ ဦးစီးဌာနသို့ တင်ပြရန်နှင့် မူဝါဒရေးရာကိစ္စရပ်များကိုသာ ဝန်ကြီးဌာနတာဝန်ရှိသူများထံ တင်ပြရန် ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးဝါးများ၏ အစွမ်းအာနိသင် ထက်မြက်မှုကိုသာမက ဆေးအချိန် အဆပမာဏ၊ သောက်သုံးရမည့်ကာလနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု ဆိုင်ရာများကို တိုင်းရင်းဆေးရုံများ၌ သုတေသနပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးသုတေသန ပြုလုပ်ခြင်းမရှိပါက တိုင်းရင်းဆေးလောက တိုးတက်နိုင်မည် မဟုတ်ပါကြောင်း။

 

တိုင်းရင်းဆေးပညာရပ်များ တိမ်မြုပ်ပျောက်ကွယ်ခြင်းမရှိစေရေး လက်ဆင့်ကမ်းပညာ သင်ကြားပေးခြင်းများနှင့် အစွမ်းအာနိသင်ထက်မြက်သော တိုင်းရင်းဆေးဝါးများ ဖော်ထုတ်မှုများကိုလည်း တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြုလုပ်စေလိုပါကြောင်း၊ နိုင်ငံတကာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် တိုင်းရင်းဆေး ပညာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ သုတေသနတွေ့ ရှိမှုများကို သိရှိနိုင်ရန်အတွက် တိုင်းရင်းဆေးတက္ကသိုလ်၌ အဖွဲ့တစ်ခုဖွဲ့စည်းကာ အင်တာနက်မှ အမြဲတမ်း ရှာဖွေသုံးသပ်ရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာတက္ကသိုလ်အနေဖြင့် နိုင်ငံတကာ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုပြုလုပ်စေလိုပါကြောင်း၊ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှု သုတေသနများကို တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ ဆေးဝါးထုတ်လုပ်သူများနှင့် ပူးပေါင်း၍ ပိုမိုပြုလုပ်စေလိုပါကြောင်း၊ သုတေသနလုပ်ငန်းများအတွက် လည်းဝန်ကြီးဌာနမှ ဘဏ္ဍာငွေပံ့ပိုးနိုင်ပါကြောင်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာတက္ကသိုလ်တို့မှ တာဝန်ရှိသူများအနေဖြင့် ဆေးသုတေသန ဦးစီးဌာန (ရန်ကုန်) နှင့် ပြင်ဦးလွင်ရုံးခွဲတို့သို့ သွားရောက်လေ့လာသကဲ့သို့ ဆေးသုတေသနဦးစီးဌာနမှ သုတေသီပညာရှင်များကလည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေး ပညာတက္ကသိုလ်၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဆေးတက္ကသိုလ် (မန္တလေး)နှင့် ဆေးဝါးတက္ကသိုလ် (မန္တလေး) တို့မှ တာဝန်ရှိသူများ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးရုံများမှ ဆေးရုံအုပ်များပါဝင်သည့် နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မကြာမီကာလအတွင်း ပြုလုပ်ကာ လမ်းပြမြေပုံ၊ မူဘောင်များနှင့် စီမံချက်များ ထွက်ပေါ်လာရေး ပြုလုပ်စေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးတို့က အမှာစကားပြောကြားသည်။

 

ယင်းနောက် တိုင်းရင်းဆေးပညားဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်က တိုင်းရင်းဆေးတက္ကသိုလ်နှင့် တိုင်းရင်းဆေးစက်ရုံ (မန္တလေး) တို့သို့ကွင်းဆင်းသွားရောက်ခဲ့ရာတွင် တွေ့ရှိခဲ့မှုများနှင့် အားဖြည့်ဆောင်ရွက်ရမည်များကို တင်ပြသည်။

 

ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ တိုင်းရင်းဆေးရုံများမှ ဆေးရုံအုပ်များ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဆေးတက္ကသိုလ် (မန္တလေး) နှင့် ဆေးဝါးတက္ကသိုလ် (မန္တလေး) တို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံ တိုင်းရင်းဆေးပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်