နေပြည်တော် ၂၀ စက်တင်ဘာ
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေအား သိရှိစေရန်နှင့် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာ မူကြမ်းရေးဆွဲနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဆက်လက် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်က တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ ပြဌာန်းပြီးဖြစ်၍ ဥပဒေ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများကိုဥပဒေနှင့်အညီ အပြည့်အဝရရှိခံစားနိုင်ရေး၊ ထိရောက်စွာ အကာအကွယ်ပေးရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လျှင်မြန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးတို့နှင့်စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေး အမြင်ချင်းဖလှယ်နိုင်ခဲ့ကြသည်ကိုတွေ့ရပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုး များ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ(မူကြမ်း) ရေးဆွဲပြီးပါက ဦးစားပေး နယ်ပယ်များအား နှစ်အလိုက် လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ ဖြိုးတိုးတက်မှုစီမံကိန်း၂၀၁၈-၂၀၃၀ တွင် ပါဝင်သည့် မဟာဗျူဟာ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များအား အလေးထား ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားလူမျိုးများအကြား ကွာဟမှု များရှိနေသည်ဟု ခံစားရမှုများ လျော့ပါး ပပျောက်၍ သာတူညီမျှ အခွင့်အရေး ရရှိသည်ဟုခံစားရစေပြီးနိုင်ငံတော်မှ အလေးထား ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်တပ်တစ်အားအထောက်အကူ ပြုသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲဒုတိယနေ့တွင်တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေးနှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဥပဒေအကြံပေးအဖွဲ့မှ နည်းဥပဒေများအား ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က အခြေခံပညာကျောင်းများတွင် မြန်မာဘာသာဖြင့် ရေးဆွဲထားသော ဒေသသင်ရိုး သင်ကြားနေသည့် အခြေအနေများ၊ တိုင်းရင်းသားဘာသာဖြင့် ရေးဆွဲထားသည့် ဒေသသင်ရိုးအမျိုးအစားနှင့် အကြောင်းအရာများ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို တိုင်းရင်းသားဘာသာများဖြင့် ပြန်ဆိုခြင်း၊ တိုင်းရင်းသားများအတွက် ကျန်းမာရေးကဏ္ဍ အသိပညာပေး စာစောင်ပိုစတာ ဘာသာပြန်ဆိုမှု လုပ်ငန်းများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဖွဲ့စည်းခြင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် နေ့စားလပေး တိုင်းရင်းသား ဘာသာသင် ဆရာ ဆရာမ Teaching Assistant နှင့် Language Teacher ခန့်ထားခြင်းတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့များမှ ဥက္ကဌနှင့် ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိ သူများက အပြန်အလှန် ဆွေးနွေးကြသည်။
သတင်းစဉ်


