နေပြည်တော်၊  ၃၀  ဇန်နဝါရီ

 

မြန်မာနိုင်ငံတက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ သင်ရိုး ညွှန်းတမ်းများ ရေးဆွဲရေးလုပ်ငန်းစတင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက မြန်မာနိုင်ငံတက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ သင်ရိုးညွှန်းတမ်းများရေးဆွဲရေး လုပ်ငန်းစတင်ခြင်း အခမ်းအနား ကျင်းပသည့် ယနေ့သည် တက္ကသိုလ်များအားလုံးအတွက် အရေးပါသောနေ့ တစ်နေ့ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် လူမှုစီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု (IQ)နှင့် စိတ်ရင့်ကျက် တည်ငြိမ်မှု၊ တစ်ပါးသူကိုစာနာပေးနိုင်မှု (EQ)နှင့် ၂၁ ရာစု ကျွမ်းကျင်မှုများ ရရှိစေမည့် အဆင့်မြင့် ပညာသင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲရန် အရေးကြီးပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမြှင့်တင်ရေး၊ လူသားအရင်းအမြစ်နှင့် ကျွမ်းကျင်မှု တိုးတက်မြင့်မားရေးတို့ကို ဦးတည်သည့် သင်ရိုးညွှန်းတမ်းများကို လက်တွေ့ အကျိုးရှိ ထိရောက်စေရန် ပြင်ဆင်ရေးဆွဲ သင်ကြားသင်ယူကြရမည်ဖြစ်ပါကြောင်း၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဥပဒေသည် မြန်မာနိုင်ငံ တက္ကသိုလ်များ၏ ဥပဒေပညာဘွဲ့နှင့် ဥပဒေပညာမဟာဘွဲ့သင်တန်းများ၌ ပင်မဘာသာရပ်တစ်ခု ဖြစ်ပါကြောင်း။

 

ဘွဲ့သင်တန်းများ၌ လိုအပ်သည့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ပေးသော  အာရှဖွံ့ဖြိုး တိုးတက် ရေးဘဏ်(ADB)ကို ကျေးဇူးတင်ရှိပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ သင်ရိုးညွှန်းတမ်းများရေးဆွဲ သင်ကြား သင်ယူရေးအတွက် ပံ့ပိုးဆောင်ရွက် ပေးသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း နှင့် တာဝန်ရှိသူများ၊ အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှ ဥပဒေမူဝါဒ ပြုပြင်ပြောင်းလဲရေး အကြံပေးအရာရှိ Ms. Christina Pak အားလည်းကောင်း၊ စီမံကိန်းစတင်ဆောင်ရွက်နိုင်ရန် အားထုတ်ပေးသည့် Climate Change ပညာရှင် Mr. Matthew Baird နှင့် ညှိနှိုင်းရေးမှူး  ဒေါ်ခင်သန္တာ အားလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်းရေးဆွဲရေး လုပ်ငန်းအဖွဲ့မှ ပါမောက္ခများနှင့် ကထိကများအား လည်းကောင်း ကျေးဇူးတင်ရှိပါ ကြောင်း၊ ကမ္ဘာ့လူသားကောင်းများ ဖြစ်ထွန်းလာစေရေးဦးတည်သည့် သင်ရိုးညွှန်းတမ်းများကို မိမိတို့စွမ်းဆောင်ရည်များအား အကောင်းဆုံးအသုံးချ၍ ညှိနှိုင်းတိုင်ပင်ရေးသား ပြုစုပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ တက္ကသိုလ်များအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်းများ ရေးဆွဲရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြဆွေးနွေးသည်။ ထို့နောက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ Ms. Christina Pak က ဆွေးနွေး ပြောကြားကာ အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေ သန) ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ဥပ‌ဒေမူဝါဒပြုပြင်ပြောင်းလဲရေး အကြံပေးအရာရှိ Ms. Christina Pak နှင့် အဖွဲ့ဝင်များ၊ ရာသီဥတုပြောင်းလဲမှုပညာရှင် Mr. Matthew Baird နှင့် ပညာရှင်များ တက်ရောက်ကြကြောင်း သိရသည်။  

 

(သတင်းစဉ်)