နေပြည်တော်၊ ဇူလိုင် ၇
မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် အထွေထွေညီလာခံကို ဇူလိုင် (၅) ရက်နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီနာယက အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ အသင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အစီအစဉ်ပထမပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မိမိတို့နိုင်ငံတွင် ရေချိုအရင်းအမြစ်များ ပေါကြွယ်ဝသော်လည်း စိုက်ပျိုးရေလိုအပ်ချက်နှင့် လျှပ်စစ်ဓါတ်အား လိုအပ်ချက် မြင့်မားလာခြင်းတို့ကို စိန်ခေါ်မှုများအဖြစ် ကြုံတွေ့ရလျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲလာမှု ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာပြီး မိုးခေါင်ခြင်း၊ မိုးနည်းခြင်း၊ လျှပ်တပြက် မိုးများခြင်းစသည့် အခြေအနေများသည် ရေလှောင်တမံကြီးများ၏ လုံခြုံ စိတ်ချရမှုအပေါ် ခြိမ်းခြောက်မှုကဲ့သို့ရှုမြင်နိုင်ပါကြောင်း။
လက်ရှိ ရာသီဥတုဖြစ်စဉ်များသည် ပိုမိုပြီးဆိုးရွားလာသည့် အနေအထားဖြစ်ပြီး ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များကြောင့် သဘာဝရေအရင်းအမြစ်များ ထိခိုက်ပျက်စီးလာလျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍတွင်လည်း ရေရှားပါးမှုဒဏ်နှင့် ရေကြီးနစ်မြုပ်မှုဒဏ်များကို ခံစားခဲ့ရပြီး အထွက်နှုန်း လျော့နည်းခြင်း၊ သီးနှံ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်မှုနှင့်အတူ စားနပ်ရိက္ခာဖူလုံမှု အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေလျက် ရှိကြောင်း။
သို့ဖြစ်၍ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ရေလှောင်တမံကြီးများ၏ ကြံ့ခိုင်မှုရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ရေရှည်အကျိုးပြုနိုင်ရေးအတွက် လိုအပ်သော Dam Safety လုပ်ငန်းများအပြင် လက်ရှိနှင့် အနာဂတ်တွင် ကြုံတွေ့လာရမည့် စိန်ခေါ်မှုများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးလာမှုကို တုံ့ပြန်ဖြေရှင်းနိုင်မည့် ရေရရှိရေးနည်းလမ်းများနှင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ်များ အပေါ်မှာလည်း ဆက်လက်အလေးထား ကူညီဆောင်ရွက်ပေးသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အစီအစဉ်ဒုတိယပိုင်းတွင် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အမှုဆောင် ကော်မတီဝင်အသစ်များ ကို ရွေးချယ်တင်မြှောက်ကြသည်။
အစီအစဉ် တတိယပိုင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ တည်ဆောက်ရေး (၉) မှ၊ ဦးစီးမှူး ဒေါ်ဇာနည်မော် က "Climate Change Adaptation on Dam Safety" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးအေးချမ်းမြင့်သိန်း က "Managing the Utilization of Myitnge River Basin Focused” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများ ဖတ်ကြားတင်သွင်းခဲ့ကြပြီး မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌအသစ် ဦးဗစ်တာ က နှုတ်ခွန်းဆက်စကား နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ပြောကြားသည်။
မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ (၂) နှစ် တစ်ကြိမ်ကျင်းပသည့် အထွေထွေညီလာခံတွင် အလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဆွေးနွေးခြင်းနှင့် နည်းပညာရပ်ဆိုင်ရာများ ဆွေးနွေးဖလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ ယခုညီလာခံကို ပဉ္စမအကြိမ်ကျင်းပခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် စတင်ဖွဲ့စည်းချိန်မှ စတင်ပြီး ကော်မတီရည်ရွယ်ချက်များ ပြည့်ဝစွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ ရေလှောင်တမံကြီးများ၏ စိုက်ပျိုးရေ ရရှိရေး၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရေး စသည့်ကဏ္ဍများတွင် ရေရှည် လုံခြုံစိတ်ချရမှု၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်မှုများ ဖြစ်ပေါ်စေရန် တစ်တပ်တစ်အား ပါဝင်ကူညီဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


