နေပြည်တော် ၁၇ ဇန်နဝါရီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှုယန္တရား (National Complaints Mechanism) တည်ထောင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုများ အမြစ်ပြတ် ပပျောက်ရေးအတွက် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ယန္တရား (Mechanism) တစ်ခုတည်ထောင်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လက်ခံကျင့်သုံးနေသည့် ပြဋ္ဌာန်းချက် ၂၉ အရ နိုင်ငံတော်အစိုးရအနေဖြင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာ စံများအရ လိုအပ်ချက်များ ရှိနေသည်ဟု ILO မှ ယူဆသည့်အတွက် မြန်မာနိုင်ငံအပေါ် ကန့်သတ်တားမြစ်ချက်များ ပြုလုပ်ခဲ့ရာ အဆိုပါ ကန့်သတ်ချက်များကို ဖယ်ရှားနိုင်ရန် ၂၀ဝ၂ ခုနှစ်မှစတင်၍ MoU လက်မှတ်ရေးထိုးပြီး ဆက်သွယ်ရေးအရာရှိတစ်ဦး ခန့်ထားခြင်း၊ ၂၀ဝ၇ ခုနှစ်တွင် နောက်ဆက်တွဲ နားလည်မှုစာချွန်လွှာ (SU) လက်မှတ်ရေးထိုး၍ တိုင်ကြားမှုယန္တရားထူထောင်ပြီး အဓမ္မခိုင်းစေမှုတိုင်ကြားမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ILO ရန်ကုန်နှင့် ပူးပေါင်းဖြေရှင်းခြင်း၊ ၂၀၁၂ ခုနှစ်တွင် MoU လက်မှတ်ရေးထိုး၍ အဓမ္မခိုင်းစေမှု ပပျောက်ရေး ပူးတွဲမဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်၌ မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု လုံးဝပပျောက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ခြင်း၊ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း၍ အဓမ္မခိုင်းစေမှု ပပျောက်ရေး လုပ်ငန်းစီမံချက်ကို Update ပြုလုပ်ကာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ အကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် တစိတ်တဒေသ ပါဝင်နေသည့် အဓမ္မခိုင်းစေမှု ပပျောက်ရေးကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် Focal အဖြစ် တာဝန်ယူပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းသည် (၁၀) နှစ် ကျော်ကြာမြင့်ခဲ့ပြီး ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် အဓမ္မခိုင်းစေမှု တိုင်ကြားချက်များသည် လျော့နည်းကျဆင်းလျက်ရှိပြီး တဖက်တွင်လည်း တပ်မတော် အနေဖြင့် CTFMR နှင့်ပူးပေါင်း၍ အဓမ္မခိုင်းစေမှုအောက်တွင် အကျုံးဝင်နေသည့် အသက်မပြည့် စုဆောင်းမှုများနှင့်ပတ်သက်၍ လုပ်ငန်းစီမံချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များလည်း ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုများ လျော့နည်းကျဆင်းသွားသော်လည်း အမြစ်ပြတ် ပပျောက်ရေးအတွက် ILO နှင့် ညှိနှိုင်းပြီး အခြားနိုင်ငံများ၏ အတွေ့အကြုံများ၊ အခက်အခဲများအပေါ် အခြေခံ၍ မိမိတို့နိုင်ငံနှင့် သင့်တော်မည့်ယန္တရား (Mechanism) တစ်ခုတည်ထောင်သွားရန် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပြီး၊ အလုပ်ရုံ ဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံဗဟုသုတများနှင့် High Level Working Group (HLWG) အဖွဲ့ဝင် ဌာနဆိုင်ရာအသီးသီးမှ အဓမ္မခိုင်းစေမှု မဖြစ်ပွားစေရန် စီမံဆောင်ရွက်ထားသည့် လုပ်ငန်းများ၊ လုပ်ငန်းစီမံချက်များနှင့် ချိတ်ဆက်၍ နိုင်ငံအတွက်သင့် လျော်ကောင်းမွန်သည့် ယန္တရား (Mechanism) တစ်ခုတည်ထောင်နိုင်ရန် ပါဝင်တက်ရောက်လာသူများအနေဖြင့် ထိထိရောက်ရောက် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ILO ရန်ကုန်ရုံးမှ ဆက်သွယ်ရေးအရာရှိ Mr. Rory Mungoven မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ မြန်မာနိုင်ငံနှင့် သင့်လျော်မည့် ယန္တရား (Mechanism) တစ်ခုတည်ထောင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)