နေပြည်တော် ၁၄ နိုဝင်ဘာ

 

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းကို ယနေ့တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

အကြံပြုဆွေးနွေးဝိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပဋိပက္ခစစ်ပွဲများဖြစ်ပွားစေသည့် အခြေခံအကြောင်း တရားများစွာအနက် အဓိကအချက်အချို့မှာ နိုင်ငံရေးကို အခြေခံသောဝါဒရေးရာ မတူကွဲပြားမှုကြောင့် ဖြစ်ပွားသော ပဋိပက္ခ၊ ကိုးကွယ်သောဘာသာ မတူကွဲပြားမှုကြောင့် ဖြစ်ပွားသော ဘာသာရေးပဋိပက္ခ၊ မျိုးနွယ်စုမတူ ကွဲပြားမှုကြောင့် ဖြစ်ပွားသော လူမျိုးရေးပဋိပက္ခတို့ ဖြစ်ပါကြောင်း၊ ဘာသာရေး၊ လူမှုရေး၊ စစ်ရေး စသည့် အရေးအရာအဖြာဖြာသည် နိုင်ငံရေး၏ အကိုင်းအခက်လက်တက်များသာ ဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့လျှင် ပဋိပက္ခများလည်း ချုပ်ငြိမ်းသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်ရန် အခြေခံ အကိုင်းအခက်များဖြစ်သော ဘာသာရေး၊ လူမျိုးရေးပြဿနာများကိုလည်း ဝိုင်းဝန်း ညှိနှိုင်းဖြေရှင်းကြရန် လိုအပ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် အစုအဖွဲ့အလိုက် ဆွေးနွေးမှုများ၊ ဆွေးနွေးမှုများမှ ရရှိလာသော ရလာဒ်များကို အခြေခံပြီး ဆက်လက် လက်တွေ့အကောင်အထည်ဖော်မည့် အစီအမံများ ချမှတ်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ၊ မြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)မှ ဘီရှော့မြစန်း၊ အစ္စလာမ် ဓမ္မဗိမ္မာန် ဆော်သြရေးမှူး  အယ်လ်ဟာဂျာဟ် ဒေါ်စန်းစန်းတင့်နှင့် ဟိန္ဒူလူငယ် အမျိုးသမီးအဖွဲ့မှ မမျိုးဟေမာတို့က "ဘာသာရေးလွတ်လပ်ခွင့်အတွက် ဘာသာပေါင်းစုံ ပံ့ပိုးကူညီခြင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် ပညာရေးကဏ္ဍ၊ ဘာသာရေးလွတ်လပ်ခွင့်၊ တိုင်းရင်းသားလူမျိုးတိုင်းနှင့် လူနည်းစုအဖွဲ့အစည်းများအတွက် တန်းတူညီတူအခွင့်အရေးနှင့် တာဝန်ယူတာဝန်ခံမှုနှင့် မိုးသစ်တော ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၊ အမျိုးသမီး ခေါင်းဆောင်မှုနှင့် အရေးကိစ္စများတွင် ပါဝင်ခြင်းကဏ္ဍ၊ လူငယ်တို့ကို အားပေးကူညီပံ့ပိုးခြင်းနှင့် ထိတွေ့ဆက်ဆံခြင်းကဏ္ဍ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ဝိသေသလက္ခဏာ၊ မတူညီကွဲပြားခြင်းနှင့် ဘုံစိန်ခေါ်မှုများ စသည့် ကဏ္ဍများကို အစုအဖွဲ့အလိုက် ဆွေးနွေးကြသည်။

 

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းကို နိုဝင်ဘာ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

သတင်းစဉ်