မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုသည် ဒုတိယအများဆုံးဖြစ်

မန္တလေး  ၁၃  ဇန်နဝါရီ

 

မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ဒုတိယအများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်းကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်လွင်က ပြောသည်။

 

"၂၀၁၉ ဒီဇင်ဘာလအထိ မန္တလေးတိုင်းဒေသကြီးရဲ့ ရင်းနှီးမြှုပ်နှံမှုက ဒုတိယအများဆုံး ဖြစ်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၃ ဘီလီယံ (မြန်မာငွေ ၅၀ ဘီလီယံ)လောက် ရောက်နေပါပြီ" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်းကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်လွင်က ပြောသည်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်းနှင့်အောက် လုပ်ငန်းများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ကျပ် သန်း ၆၀၀၀ နှင့်အောက် လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုမိန့်များ လျင်မြန်စွာ ထုတ်ပေးခြင်းဖြင့် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ဆွဲဆောင်လျက်ရှိသည်။

 

"ဒီနှစ်ထဲမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ Investment Promotion Committee (IPC)ကို ဖွဲ့စည်းထားပါတယ်။ IPC ရဲ့ ပထမအကြိမ် အစည်းအဝေးက စက်မှုလက်မှုလုပ်ငန်းများမှ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့ ဆက်ပြီးဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်လွင်က ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ဝင်ရောက်လာသည့်အလျောက် အလုပ်အကိုင် အခွင့်အလမ်းများ လည်း ပိုမိုဖန်တီးပေးနိုင်သလို ဒေသခံများ၏ စားဝတ်နေရေး ပြေလည်စေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများအတွက် များစွာ အထောက်အကူပြုကြောင်း သိရသည်။

 

"ရင်းနှီးမြှုပ်နှံမှုတွေက နိုင်ငံပေါင်းစုံက လာတာများပါတယ်။ အရင်တုန်းကဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးက တရုတ်နိုင်ငံပေါ့။ ဒီနှစ်ဆိုရင် စင်ကာပူနိုင်ငံက ပထမဆုံးဖြစ်ပါတယ်။ စင်ကာပူဆိုတာက တော်တော်များများ တခြားနိုင်ငံတွေက ပေါင်းပြီးဝင်လာတာပါဟု" ၎င်းက ပြောသည်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၉ ခုမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၇ ဘီလီယံဖြင့် လည်းကောင်း၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၉ ခုမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၅၂၄၉ ဒသမ ၅၈ ဘီလီယံဖြင့်လည်းကောင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ယခုအခါ ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်ကစပြီး လုပ်ငန်းရှင်များအတွက် ပို၍လုပ်သာကိုင်သာရှိသည့် ကုမဏီဥပဒေအသစ်ကို စတင်ကျင့်သုံးနေကြောင်း၊ လက်ရှိအစိုးရသစ် မတိုင်မီက စီးဝင်ခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမှာ ၃၅ ဒသမ ၇၄ ရာခိုင်နှုန်း ရှိပြီး အစိုးရသစ်လက်ထက် ယနေ့အထိ စီးဝင်မှုမှာ ၆၄ ဒသမ ၂၆ ရာခိုင်နှုန်းဖြစ်သည့်အတွက် နှစ်ဆနီးပါးတိုးမြင့် စီးဝင်မှုရှိ ကြောင်း သိရသည်။

 

အလားတူ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင်လည်း အစိုးရသစ်လက်ထက်မတိုင်မီက ၃၄ ဒသမ ၃၆ ရာခိုင်နှုန်းရှိပြီး အစိုးရသစ်လက်ထက် ယနေ့အထိ စီးဝင်မှုဟာ ၆၅ ဒသမ ၆၄ ရာခိုင်နှုန်းဖြစ်သည့်အတွက် နှစ်ဆနီးပါး ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

တင်ဇာလှိုင်