မန္တလေး ၂၂ အောက်တိုဘာ
မြန်မာနိုင်ငံ ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲနေကြောင်း မြန်မာလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့မှ သိရသည်။
အဆိုပါ စီမံကိန်းရေးဆွဲရေးအတွက် ဥရောပသမဂ္ဂနှင့် ဂျာမနီနိုင်ငံတို့က ယူရိုသန်း ၂၀ ထောက်ပံ့ထားခြင်းဖြစ်ပြီး သုတေသနလုပ်ငန်းများ ပြုလုပ်ကာလုပ်ဆောင်နေကြောင်း သိရသည်။
" စီမံကိန်းကို သုတေသနလုပ်ပြီးတော့ ရေးဆွဲနေတယ်။ အဓိက က စီမံကိန်းကို ကျွန်တော်တို့နိုင်ငံကနေ ပိုမိုပြီးတော့ တခြားနိုင်ငံတွေကို တင်ပို့နိုင်အောင်ပေါ့။ ပြီးတော့ ငါးမွေးမြူရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင်လို့ပါ " အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ရေချိုကုန်းတွင်းနှင့် ပင်လယ်ပြင်တို့မှ ငါးဖမ်းရရှိမှု ကျဆင်းနေပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့တွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည်ဟု သုတေသနအဖွဲ့က သိရသည်။
"မြန်မာနိုင်ငံမှာက ငါးလုပ်ငန်းလုပ်ကိုင်တဲ့သူတွေက အရမ်းနည်းပါးနေတယ်။ အဲ့တာကြောင့် ငါးလုပ်ငန်းမွေးမြူလုပ်ကိုင်တဲ့သူတွေ စိတ်ဝင်စားလာအောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို ငါးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီးလု ပ်ဆောင်နေပါတယ်" ဟု ၎င်းကဆက်ပြောသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငါးလုပ်ငန်းလုပ်ကိုင်သူများနှင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ အတွေ့အကြုံနှင့် အကြံပြုချက်ရယူမှုများ ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။
သူရိန်လင်း


