မြန်မာနိုင်ငံတွင် တရားမဝင်နေထိုင်သော ထိုင်းနိုင်ငံသား ၈၁ ဦးကို မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေး တံတား၌ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်

တာချီလိတ် ၈ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းအုပ်စု၊ မိုင်းကန်ကျေးရွာ “ဝ”အထူးဒေသ(၂)မှ ဖမ်းဆီးကာ မိုင်းဆတ်မြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက်သည့် ထိုင်းနိုင်ငံသား ၈၁ ဦးတို့ကို ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီခွဲတွင် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၁)တွင် ထိုင်းနိုင်ငံ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား၌ ရှမ်းပြည်နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်နှင့် အဖွဲ့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒုပြည်နယ်လဝကမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းမောင်၊ တာချီလိတ်ခရိုင် လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူတို့က အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၃၃ ဦးနှင့် ကလေး တစ်ဦး၊ စုစုပေါင်း ၈၁ ဦးတို့အား လွှဲပြောင်းပေးအပ်ရာ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ လဝကခရိုင်မှူး ရဲမှူးကြီး အက်ကွန်ဘတ်စပါဘွန်ဒင်စူပါရင်၊ အမှတ်(၂)လှုပ်ရှားယန္တယားတပ်၊ ဒုဗျူဟာမှူး ဗိုလ်မှူးကြီး နထိခင်မ်းစိန်၊ မယ်ဆိုင်မြို့ပိုင် နိုင်းစုမ် ဆတ်ခနာခမ်း၊ မယ်ဆိုင်ရဲမင်းကြီး ရဲမှူးကြီး ခုမ်ဆမ်စအာစွမ်နှင့် တာဝန်ရှိသူတို့မှ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ထိုင်းနိုင်ငံသားများကို ဖေဖော်ဝါရီ ၃ နာရီ ညနေ ၃ နာရီတွင် မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းအုပ်စု၊ မိုင်းကန်ကျေးရွာ “ဝ”အထူးဒေသ(၂)ရှိ နားယောင်းတည်းခိုခန်းနှင့် စင်းခမ်းတည်းခိုခန်းတို့တွင် ထိုင်းနိုင်ငံသားများ တရားမဝင် လာရောက် နေထိုင်ကြောင်း သတင်းအရ မိုင်းဆတ်မြို့နယ်အလုပ်သမား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လဝကဦးစီးမှူး ဦးဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မိုင်းတွမ်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် လေးကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဥပဒေမဲ့ အထောက်အထားမရှိ ဝင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းက လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် မိုင်းဆတ်အကျဉ်းထောင်နှင့် ရဲစခန်းတို့တွင် ချုပ်နှောင်ထိန်းသိမ်းထားရှိကာ ယနေ့တွင် မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)