နေပြည်တော် ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၃/၂၀၂၂) ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။ 

ဦးစွာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က ယှဉ်ပြိုင်မှုဥပဒေသည် နိုင်ငံ့စီးပွားရေး အတွက် အရေးပါသည့် ဥပဒေတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၆ (ခ)ပါပြဌာန်းချက်ဖြစ်သည့် စီးပွားရေးလုပ်ငန်းများတွင် လက်ဝါးကြီးအုပ်မှု၊ ဈေးကစားမှု ပြုခြင်းကြောင့် အများပြည်သူတို့၏ အကျိုးစီးပွားများ ထိခိုက်နစ်နာစေခြင်းကို ကာကွယ်ပေး မည့် ဥပဒေတစ်ရပ်ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေပါ ယှဉ်ပြိုင်မှုအခြေခံမူများ၊ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များအရ ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများချမှတ်ရေးနှင့် ယှဉ်ပြိုင်မှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေးကိစ္စရပ်များကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေကို ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများသာမက အစိုးရဌာနအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေးအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်း အစီအစဉ်များကို ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၃ ခုနှစ်ကို ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်မည့် နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ယခင် (၂/၂၀၂၂) ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့် အမှုကိစ္စများနှင့် စပ်လျဉ်း၍ ဖြေရှင်း ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ကော်မရှင်ရုံးတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်