နေပြည်တော် ၁၀  ဇွန် 


မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသည်။


အခမ်းအနားသို့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာန အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။


ကော်မရှင် မိတ်ဆက်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါပါကြောင်း၊ ထို့အတူ စီးပွားရေးလုပ်ငန်းများအကြား လွတ်လပ်မျှတစွာ ယှဉ်ပြိုင်နိုင်ရေးသည်လည်း စီးပွားရေးလုပ်ငန်းများအတွက် လွန်စွာအရေးကြီးပါကြောင်း၊ လွတ်လပ် မျှတသည့် ယှဉ်ပြိုင်မှု ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန် လိုအပ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင်မှုဥပဒေကို လေးစားလိုက်နာကြရန် လိုအပ်ပါကြောင်း၊ တရားမျှတမှုနှင့် ယှဉ်ပြိုင်မှုကို အဟန့်အတားဖြစ်စေနိုင်သည့် အခြေအနေမျိုး မဖြစ်အောင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်က ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။


မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို ပြည်သူလူထုက ယုံကြည်အားကိုးနိုင်သည့်၊ တောင့်တင်းခိုင်မာသည့်၊ စွမ်းဆောင်ရည်မြင့်သည့် ကော်မရှင်မျိုးဖြစ်အောင် ကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ချမှတ်ထားသည့် ဥပဒေများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ခြင်း၊ အသိပညာ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဥပဒေဖောက်ဖျက်မှုများကို ဖော်ထုတ်အရေးယူသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းမှုနှင့် ကော်မရှင်အဖွဲ့ဝင် တစ်ဦးချင်းစီ၏ ကိုယ်ရေးအကျဉ်းကို မိတ်ဆက်ပေးသည်။


ယင်းနောက် ကော်မရှင်အဖွဲ့ဝင်များက “စီးပွားရေးလုပ်ငန်းနှင့် ယှဉ်ပြိုင်မှုဥပဒေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ “မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများ” ခေါင်းစဉ်ဖြင့် လည်းကောင်း အခမ်းအနား တက်ရောက်လာသူများအား မိတ်ဆက်ရှင်းလင်းကြသည်။


ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက မေးမြန်းသည့် ယှဉ်ပြိုင်မှုဥပဒေပါ အကြောင်းအရာများ၊ လုပ်ထုံးလုပ်နည်းများကို ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြသည်။


စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ကိုယ်တိုင် မျှမျှတတ လုပ်ကိုင် ဆောင်ရွက်တတ်ရန်၊ စီးပွားရေးအရ အနိုင်ကျင့်ခံရသည့် အခြေအနေတွင် မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက် နိုင်သည်၊ ယှဉ်ပြိုင်မှုကော်မရှင်နှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည်၊ အကြံဉာဏ်များ ရယူနိုင်သည်ကို ပိုမိုသိရှိနိုင်ရန် ရည်ရွယ်၍ ကော်မရှင် မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း နှင့်ကော်မရှင်အနေဖြင့် ကော်မရှင်အဖွဲ့ဝင်များ အပါအဝင် ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ အများပြည်သူအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးခြင်း၊ တိုင်ကြားမှုများ လက်ခံဆောင်ရွက်ခြင်း၊ ဥပဒေ အကောင်အထည်ဖော်မှု ခိုင်မာအားကောင်းစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခြင်း၊ လိုအပ်သည့် အမိန့်၊ ကြော်ငြာစာများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ ပြင်ဆင် ထုတ်ပြန်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)