နေပြည်တော် ဩဂုတ် ၁၄

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် ၃၊ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယှဉ်ပြိုင်မှုကော်မရှင်သည် ပြည်သူလူထုကို ဥပဒေလေးစားလိုက်နာရေး အသိပညာပေး စည်းရုံးဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ဈေးကွက်အ တွင်းဝင်ရောက်ရန် အတားအဆီးဖြစ်စေခြင်း၊ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကို ပျက်ယွင်းစေခြင်းနှင့် အချို့သောယှဉ်ပြိုင်ဘက်များကို အလေးပေးခြင်းများကို ဖြစ်စေနိုင်ပြီး မျှတမှုမရှိသည့် ယှဉ်ပြိုင်မှုများကိုဖြစ်စေနိုင်သော အစီအမံများ၊ လုပ်ထုံးလုပ်နည်းများကို ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒများနှင့်အညီဖြစ်စေရန် အထူးအလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်သကဲ့သို့ အခြားသော ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်လည်း ဆန့်ကျင်မှုမဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

အစည်းအဝေးတွင် ယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့် အမှုကိစ္စများ၊ တိုင်ကြားမှုများနှင့် စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုများနှင့် ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်၊ ကော်မရှင် တွဲဖက်အတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်