နေပြည်တော်   ၂၀  ဧပြီ

 

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်သည် ယှဉ်ပြိုင်မှုဥပဒေ ပုဒ်မ ၅၆ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မတ် ၂၅ ရက်တွင် အမိန့်အမှတ်(၂/၂၀၀၂)ကို  ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အမိန့်တွင် စီးပွားရေးလုပ်ငန်းများ (ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင်) အကြား လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှု ဖြစ်ထွန်းပေါ်ပေါက်စေရေး၊ ဈေးကွက်တွင် မျှတသောယှဉ်ပြိုင်မှုကို တစ်ပြေးညီ တိုးတက်လာစေရေး၊ သာတူညီမျှခံစားခွင့် ရရှိစေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ် စောင့်ရှောက်ပေးနိုင်ရေးတို့အတွက် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများသည် အောက်ဖော်ပြပါ အရောင်းမြှင့်တင် ခြင်းဆိုင်ရာ ကန့်သတ်ချက်များကို သိရှိနားလည်လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

(က) စီးပွားရေးလုပ်ငန်းတစ်ခုခုကို အများပြည်သူသိရှိအောင် ကြော်ငြာခြင်း၊ အခြား နည်းလမ်းတစ်မျိုးမျိုးဖြင့် အရောင်းမြှင့်တင်ရန် ဆောင်ရွက်ခြင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ မှန်ကန်တိကျသော တာဝန်ယူဆောင်ရွက်ပေးနိုင်သည့် သို့မဟုတ် အာမခံမှု အပြည့်အဝပြုနိုင်သည့် စကားလုံးသုံးနှုန်းမှု၊ ပြောဆိုတင်ပြမှု၊ ရေးသားမှု၊ အမှတ်အသားနှင့် အချက်အလက် အသုံးပြုမှုများဖြင့်သာ ဆောင်ရွက်ရမည်။

 

(ခ) အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေသည့် မှားယွင်းသော၊ မှန်ကန်မှုမရှိသော၊ သွေးဆောင် ဖြားယောင်းသော၊ လိမ်လည်လှည့်ဖြားသော သို့မဟုတ် လွဲမှားစွာယုံကြည်စေရန် အကြောင်းရှိသော စကားလုံး သုံးနှုန်းမှု၊ ပြောဆိုတင်ပြမှု၊ ရေးသားမှု၊ အမှတ်အသားနှင့် အချက်အလက် အသုံးပြုမှုများ မပြုလုပ်ရ။

 

(ဂ) အခြားစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သော၊ အကျိုးဆုတ်ယုတ်စေနိုင်သော သို့မဟုတ် လုပ်ငန်း ဆောင်ရွက်မှုများကို အနှောင့်အယှက်ဖြစ်စေနိုင်သော စကားလုံး သုံးနှုန်းမှု၊ ပြောဆိုတင်ပြမှု၊ ရေးသားမှု၊ အမှတ်အသားနှင့် အချက်အလက်အသုံးပြုမှုများ မပြုလုပ်ရ။

 

(ဃ) အခြားစီးပွားရေးလုပ်ငန်းများနှင့် ဆင်တူယိုးမှားဖြစ်စေသော သို့မဟုတ် ထင်ယောင်ထင်မှား ဖြစ်စေသော စကားလုံးသုံးနှုန်းမှု၊ ပြောဆိုတင်ပြမှု၊ ရေးသားမှု၊ အမှတ်အသားနှင့် အချက်အလက် အသုံးပြုမှုများ မပြုလုပ်ရ။

 

(င) အဖွဲ့အစည်းတစ်ခုခု၏ ထောက်ခံမှု သို့မဟုတ် အသိအမှတ်ပြုမှုများရရှိ ဆောင်ရွက်နေကြောင်း အများပြည်သူအား သိရှိစေလိုသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းမှ အတည်ပြု ထောက်ခံထားသော မှန်ကန်တိကျခိုင်မာသည့် အထောက်အထားများရှိမှသာလျှင် သို့မဟုတ် တင်ပြနိုင်မှသာလျှင် ဆောင်ရွက်ရမည်တို့ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

ထို့ပြင် မည်သည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမဆို အထက်ဖော်ပြပါ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ကန့်သတ် ချက်များကို သိရှိနားလည်လိုက်နာ ဆောင်ရွက်သွားရန်နှင့် လိုက်နာမှုမရှိပါက ယှဉ်ပြိုင်မှုဥပဒေပါ စီမံခန့်ခွဲရေး နည်းလမ်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရ ဖြစ်စေ အရေးယူခြင်းခံရမည်ဟုလည်း ဖော်ပြထားသည်။

 

သတင်းစဉ်