၁၇ မတ်
နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂ အသင်းနှင့် ဗီယက်နမ် ယူ-၂၂ အသင်းသည် ဇွန်လတွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်း ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး ဇွန်လမှစတင်ကာ နိုင်ငံတကာခြေစမ်းပွဲနှင့် ဖိတ်ခေါ်ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် စတင်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဗီယက်နမ်ဘောလုံး အဖွဲ့ချုပ်သည် ယူ-၂၂ အသင်းများ ခြေစမ်းပွဲများကစားရန် သဘောတူညီမှုရခဲ့ပြီး ကစားမည့်ရက်နှင့်နေရာကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဇွန်လတွင် ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲအပြင် တောင်ကိုရီးယားတက္ကသိုလ် ဖိတ်ခေါ်ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် လက်ရှိတွင် အာရှ ယူ-၂၃ ခြေစစ်ပွဲအတွက် ပြင်ဆင်လျက်ရှိပြီး ယင်းခြေစစ်ပွဲပြီးပါက လေ့ကျင့်မှုရပ်နားကာ ဇွန်လတွင် ကစားမည့်ပြိုင်ပွဲများအတွက် ပြန်လည် ပြင်ဆင်မည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ မြန်မာ ယူ-၂၂ အသင်းအတွက် ဖိတ်ခေါ်ပြိုင်ပွဲ တစ်ခု ကျင်းပမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းနှင့် ဗီယက်နမ် ယူ-၂၂ အသင်းသည် ၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် တွေ့ဆုံခဲ့ခြင်းမရှိသော်လည်း ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် တွေ့ဆုံခဲ့ပြီး မြန်မာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းနှစ်သင်းသည် ခြေစမ်းပွဲကစားခြင်း နည်းပါးပြီး ဖိတ်ခေါ်ပြိုင်ပွဲများတွင်မူ တွေ့ဆုံလေ့ရှိကြောင်း သိရသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်