မန္တလေး ၁၄ မတ်
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဗီယက်နမ်လက်ရွေးစင်အမျိုးသမီးအသင်းသည် မန္တလေးမြို့၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
ယင်းခြေစမ်းပွဲများကို မတ် ၂၁၊ ၂၃ ရက်တွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲ ကစားခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တင်ပြခဲ့ရာ အာဆီယံထိပ်သီး အသင်းများနှင့် ညိနှိုင်းခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် မူလက ထိုင်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် သဘောတူညီမှုရခဲ့သော်လည်း ကစားမည့်ရက်ညိနှိုင်းမှုအဆင်မပြေသောကြောင့် ဗီယက်နမ်အသင်းနှင့် ပြောင်းလဲကစားခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဧပြီ ၃ ရက်မှ ၆ ရက်အထိ ကျင်းပမည့် ၂၀၂၀ တိုကျို အိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်လျက်ရှိပြီး အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း ကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲကို မန္တလေးမြို့၌ ကစားမည်ဖြစ်သောကြောင့် ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲကိုလည်း မန္တလေးမြို့၌သာ ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲ၊ ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲကစားရန် မတ် ၁၇ ရက်တွင် မန္တလေးမြို့သို့ ထွက်ခွာမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် နည်းပြချုပ် - ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ - ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ - ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုးသမား - ဇာဇာမြင့်၊ မေဇင်နွယ်၊ မေသဇင်ထွန်း၊ နောက်တန်း- ဝေဝေအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဇင်ဇင်နိုင်၊ အလယ်တန်း- ရူပါခိုင်၊ ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သန္တာဦး၊ သင်းသင်းယု၊ လဲ့လဲ့လှိုင်၊ နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း - ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ လှယဉ်ဝင်း၊ ဂျူလိုင်ကျော်တို့ ပါဝင်ကြသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်