မြန်မာနှင့် ဗီယက်နမ်အမျိုးသမီးအသင်း ယနေ့ခြေစမ်းပွဲကစားမည်

၂၀ မတ်

နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ဗီယက်နမ်လက်ရွေးစင်အမျိုးသမီးအသင်းသည် မတ် ၂၁ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
 
ယင်းနှစ်သင်းစလုံးသည် ဧပြီလဆန်းတွင် ယှဉ်ပြိုင်ရမည့် အိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင် နေခြင်းဖြစ်ပြီး ခြေစစ်ပွဲမတိုင်မီ နောက်ဆုံးပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ 

မြန်မာအမျိုးသမီးအသင်းသည် မူလက ထိုင်းလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း ရက်ညိနှိုင်းမှုအဆင်မပြေသောကြောင့် ဗီယက်နမ်အသင်းနှင့် ပြောင်းလဲကစားခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီး၏အသင်းသည် အိုလံပစ်ခြေစစ်ပွဲမတိုင်မီ အာဆီယံထိပ်သီး ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင် ကစားခွင့်ရသောကြောင့် အတွေ့အကြုံကောင်းများ ရမည့်အပြင် အသင်းအတွက်လည်း များစွာအကျိုးရှိ
မည့်ခြေစမ်းပွဲဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ဒီဇင်ဘာ ကတည်းက ပြင်ဆင်ခဲ့ပြီး ခြေစစ်ပွဲအကြိုပြင်ဆင်မှုများတွင် ရလဒ်ကောင်းခဲ့ကာ ဖေဖော်ဝါရီက ယှဉ်ပြိုင်ခဲ့သည့် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုရခဲ့သည်။ 

မြန်မာအမျိုးသမီးအသင်းသည် ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲ၊ အိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲအတွက် မတ် ၁၈ ရက်မှစ၍ မန္တလေးမြို့၌ လေ့ကျင့်လျက်ရှိပြီး ခြေစမ်းပွဲတွင် ကစားသမား ၂၃ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ပြီး ဒုတိယပွဲကို မတ် ၂၃ ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် နည်းပြချုပ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင် ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ-ဦးမြ ကိုမင်း၊ ဂိုး-ဇာဇာမြင့် (အား/ကာသိပ္ပံ)၊ မေဇင်နွယ် (မြဝတီ)၊ သန္တာဦး (ဂန္ဓမာ)၊ နောက်တန်း-ဝေဝေအောင်၊ အိရတနာ ဖြိုး၊ ခင်မျိုးဝင်း၊ ဇင်ဇင်နိုင် (အား/ကာသိပ္ပံ)၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခိုင်သဇင် (မြဝတီ)၊ ချစ်ချစ် (သစ္စာအားမာန်)၊ အလယ်တန်း-ခင်မာလာထွန်း၊ နုနု၊ သင်းသင်းယု (အား/ကာသိပ္ပံ)၊ ငယ်ငယ်ထွေး၊ ခင်မိုးဝေ၊ ခင်မိုမိုထွန်း (သစ္စာအားမာန်)၊ လဲ့လဲ့လှိုင် (ဇွဲကပင်)၊ ရူပါ ခိုင်၊ လှယဉ်ဝင်း (မြဝတီ)၊ ရှေ့တန်း-ရီရီဦး (အား/ကာသိပ္ပံ)၊ ဝင်းသိင်္ဂီထွန်း (မြဝတီ)၊ ဂျူလိုင်ကျော် (သစ္စာအားမာန်) တို့ ပါဝင်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်