၂၈ ဇန်နဝါရီ

၂၀၂၀ အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ဒုတိယခြေစမ်းပွဲကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပရာ တစ်ဂိုးစီ သရေကျခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ထိုင်းအသင်းကို သရေကစားနိုင်ခဲ့သော်လည်း ခြေစွမ်းပိုင်းအရ လိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး ပထမပိုင်းတွင်သာ ကစားပုံကောင်းမွန်ခဲ့ကာ ဒုတိယပိုင်းတွင် ပြိုင်ဘက်အသင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ 

မြန်မာအမျိုးသမီးအသင်းသည် အရန်ကစားသမားများနှင့် လူငယ်ကစားသမားအချို့ကို စမ်းသပ်အသုံးပြုခဲ့သော်လည်း စီနီယာ ကစားသမားများ၏ စွမ်းဆောင်ရည်မှာ အကောင်းဆုံးပုံစံမရှိခြင်းကြောင့် ကစားပုံမှာ လိုအပ်ချက်များရှိနေခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်း ယာယီနည်းပြချုပ် ဦးတင်မြင့်အောင်သည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး မြဖူးငုံ (ဂိုး)၊ အိရတနာဖြိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ ခင်မိုးဝေ၊ နုနု၊ ဝင်းသီဂီထွန်း၊ ရီရီဦးတို့ဖြင့် ပွဲထွက်ခဲ့သည်။

ပထမပိုင်းတွင် မြန်မာအသင်း ကစားပုံကောင်းခဲ့ပြီး ထိုင်းအသင်း ကစားကွက်တည်မရဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ၁၈ မိနစ်တွင် မြန်မာအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ခင်မိုးဝေ ဖြတ်ပို့သည့် ဘောလုံးကို နုနုက ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ဂိုးထပ်ရနိုင်သည့် အခွင့်အရေးများရသော်လည်း အသုံးမချနိုင်၍ ပထမပိုင်းအပြီးတွင် မြန်မာအသင်းက တစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။

ဒုတိယပိုင်းတွင် ထိုင်းအသင်းက ချေပဂိုးရရန် ကြိုးစားလာပြီး ပထမပိုင်းထက် ကစားပုံပိုကောင်းလာသောကြောင့် မြန်မာအသင်း ခံစစ်အားပြုကစားခဲ့ရသည်။ ၅၁ မိနစ်တွင် ထိုင်းအသင်း ချေပဂိုးပြန်ရခဲ့ပြီး ပန်အမ်ဂန်က ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ထိုင်းအသင်းက ပိုဖိကစားနိုင်သလို ဂိုးရနိုင်သည့် အခွင့်အရေးများစွာ ရရှိခဲ့သော်လည်း တိုင်ထိ၊ ဘားထိထွက်ခြင်း၊ မြန်မာဂိုးသမား မြဖူးငုံ ကာကွယ်နိုင်ခဲ့ခြင်းတို့ကြောင့် မြန်မာအသင်း ဂိုးထပ်မပေးရခြင်း ဖြစ်သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ဇန်နဝါရီ ၂၅၊ ၂၈ ရက်တွင် မန္တလေးမြို့၌ ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ မြန်မာအသင်းသည် ပထမပွဲတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး ဒုတိယပွဲတွင် တစ်ဂိုးစီသရေကျခဲ့သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF