မန္တလေး ၃၀ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံဓမ္မကာယဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ တတိယအကြိမ် သံဃာတော်အပါး(၃၀ဝ၀ဝ) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဒီဇင်ဘာ၈ရက်တွင် မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေးဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲကို စက်တင်ဘာ၂၈ ရက် ညနေ ၃ နာရီက ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီး မိုးကောင်းဓမ္မာရုံတွင်ကျင်းပရာ နိုင်ငံတော်သံဃာမဟာနာယက ဆရာတော်ကြီးများ၊ မန္တလေးခရိုင်အတွင်းရှိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကျင်းပရေး အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင်သံဃာတော်အပါး(၃၀ဝ၀ဝ) ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကျင်းပရေးကော်မတီ ဥက္ကဌမဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဌဦးစိုးလင်းက ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အစီအစဉ်များရေးဆွဲထားမှုနှင့် သံဃာတော်တစ်ပါး ကျပ်သုံးသောင်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူနိုင်ရေး အစီအစဉ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြလျှောက်ထားသည်။ ထို့နောက် ကြွရောက်လာသည့် ဆရာတော်ကြီးများက ယခင်နှစ်ကျင်းပခဲ့သည့် အတွေ့အကြုံအရ လိုအပ်သည်များကို သြဝါဒကထာများမိန့်ကြားသည်။ ဆက်လက်၍နိုင်ငံတော် သံဃနာယကအဖွဲ့ ဒုတိယဥက္ကဌဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသက ဆရာတော်များ မိန့်ကြားသော သြဝါဒများမှ ဆုံးဖြတ်ချက်များကို ချမှတ်အတည်ပြုသည်။

မြန်မာ-ထိုင်းပူးပေါင်း၍ ပထမအကြိမ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၁၅ ခုနှစ် စက်တင်ဘာ၂၀ ရက်က အောင်မြေသာစံမြို့နယ် ၁၂ လမ်းနှင့် ၆၆ လမ်းထောင့်တွင် သံဃာတော်အပါး(၁၀ဝ၀ဝ)အားလည်းကောင်း၊ ဒုတိယအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် သံဃာတော်အပါး (၂၀ဝ၀ဝ)အားလည်းကောင်း၊ တတိယအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သံဃာတော်အပါး (၃၀ဝ၀ဝ)အားလည်းကောင်း တိုးမြှင့်လောင်းလှူသွားမည်ဖြစ်သည်။

မောင်ပြည်သူ(မန္တလေး)