ရန်ကုန်   ဇွန်    ၈

မြန်မာစံတော်ချိန်  ဇွန်  ၈  ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံ၌ ကျင်းပသည့်  UFC-316 ပြိုင်ပွဲတွင်   မြန်မာဖိုက်တာ ဂျိုရှုအာဗန်ပါဝင် ထိုးသတ်ခဲ့ပြီး ဒိုင်ပွဲရပ်ဖြင့် အနိုင်ရ ခဲ့သည်။

ဂျိုရှုအာဗန်သည်    ဘရာဇီးဖိုက်တာ  ဘရူနိုဆေးလ်ဗားနှင့် တွေ့ဆုံခဲ့ပြီး တတိယအချီ  ၄ မိနစ် ၁ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် နောက်ဆုံးလေးပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီး UFC  နှင့်  လက်တွဲပြီးနောက်  ခုနစ်ပွဲမြောက် နိုင်ပွဲရယူ နိုင်ခဲ့ခြင်းဖြစ်သည်။  ဂျိုရှုအာဗန်သည် ယခင်ပွဲများထက် နည်းစနစ်ပိုင်းပိုကောင်းလာသလို လက်သီးထိုးချက်များ              သိသိသာသာကောင်းမွန်လာသဖြင့်   အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ဘရူနိုသည် ပထမအချီအစတွင် ခြေကန်ချက်များဖြင့် တုံ့ပြန်သော်လည်း ဂျိုရှုအာဗန်က အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး ဘယ်ညာတွဲလုံးလက်သီးများက ဘရူနိုမျက်နှာကို ဆက်တိုက် ကျရောက်ခဲ့သည်။ တတိယအချီတွင် အသက်အရွယ်ရလာသည့်   ဘရူနိုသက်လုံကျလာ၍  ဂျိုရှု အာဗန်  ပိုသာလာပြီး  လက်သီးချက်များ  ဆက်တိုက်ပစ်သွင်းကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဂျိုရှုအာဗန်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၆ ပွဲမြောက် ထိုးသတ်ရာတွင် ၁၄ ပွဲမြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ညီမြတ်သော်တာ

ဓာတ်ပုံ-UFC