ရန်ကုန် ၁၇ မေ
ပြည်တွင်းရှိ ဖက်ရှင်ဒီဇိုင်နာများ ကိုယ်ပိုင်ထုတ်လုပ်ရောင်းချမှု မြင့်တက်လာသော်လည်း၊ ကုန်ကြမ်း ထုတ်လုပ်မူပိုင်း အားနည်းချက်များ ရှိနေသောကြောင့် အဝတ်အထည်ချုပ်လုပ်မှုပိုင်းတွင် ပြည်ပကုန်ကြမ်းများသာ အားထားနေရကြောင်း မြန်မာဖက်ရှင်လောကမှ သိရသည်။
ဖက်ရှင်လောကသားများဖြစ်သည့် Aroma Zulu မှ ကိုအောင်မြတ်သူ နှင့် YAIP မှ မစမ်းဘောက်ရာ တို့မှ လတ်တလော မြန်မာဖက်ရှင်လောက တိုးတက်ပြောင်းလည်မူများ ရှိနေသော်လည်း ပြည်ပအတွက် ဆိုလျှင် အရည်အသွေးမြင့်သော ကုန်ကြမ်းတွေကို ပြည်တွင်း၌ ရရှိမှသာ ပြည်ပသို့ စိတ်တိုင်းကျ ထုတ်လုပ်တင်သွင်း ရောင်းချနိုင်မည့် အကြောင်းအရာများနှင့် ယဉ်ကျေးမူနှင့် ဆက်နွယ်နေသော မြန်မာဝတ်စုံဈေးကွက် အကြောင်းတွေကို ယခုကဲ့သို့ သုံးသပ်ပြောကြားခဲ့ကြသည်။
ဒီဇိုင်နာအောင်မြတ်သူ (Aroma ) က “နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမူဆိုတာကို အဲ့နိုင်ငံသားတွေကပဲ တန်ဖိုးထားတယ်၊ လေးစားကြတယ် မြတ်နိုးကြတယ်။ ကျွန်တော်တို့ ဘယ်မှာမှ ရှာမကြည့်ပါနဲ့ အနီးစပ်ဆုံး အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ။ သူတို့ဆီကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အများဆုံး ရောက်ကြသလို ကျွန်တော်တို့လည်း မကြာခဏ သွားဖြစ်ခဲ့ပါတယ်။ သူတို့ ယဉ်ကျေးမူကို ကျွန်တော်တို့ မမြတ်နိုးဘူးလေ။ သူတို့ နိုင်ငံသားတွေကပဲ မြတ်နိုးတန်ဖိုးထားတယ်၊ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ ယဉ်ကျေးမူကိုကျတော့ ပြည်ပနိုင်ငံတွေရော တစ်ခြားအိမ်နီးချင်းနိုင်ငံက လုပ်ငန်းရှင် အချို့က မြတ်နိုးတာ ထက် သူတို့ အကျိုးစီးပွားအတွက် သူတို့ဝင်ငွေရဖို့အတွက်ပဲ ကြည့်ကြတာများတယ်၊ အဲ့ဒါကြောင့် ဒီအတိုင်းတော့သူတို့ အကြောင်းမဲ့သက်သက် မြတ်နိုးတာမျိုးဆိုတာ နည်းပါးတယ်လို့ ကျွန်တော်ထင်တယ်။
ကျွန်တော်တို့ တိုင်းပြည်မှာ အရည်အသွေးမြင့်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အထူးသဖြင့် ကျွန်တော်ဆို အချို့အရာတွေ ပြည်ပကနေ မှာရတာမျိုးတွေ ရှိပါတယ်။ ကိုယ့်ဆီမှာ အချို့ အထည်တွေအတွက် လိုအပ်တဲ့ အရာတွေ ရှိတာပေါ့နော်၊ ဘာပြောပြော အရင်ကထက်စာရင် တိုးတက်လာတယ်။ ဒါပေမယ့် လိုအပ်နေတာတွေတော့ ရှိနေပါသေးတယ်။ အရင်ကဆို ကျွန်တော်စလုပ်တုန်းက အနောက်တိုင်းဝတ်စုံတွေပဲ တိုးချဲ့ချုပ်လုပ် ရောင်းချမယ်ဆိုပြီး တွေးခဲ့ဘူးတယ်။ ဒါပေမယ့် ပြည်ပနိုင်ငံတွေရဲ့ စိန်ခေါ်မူတွေက များလာတယ်။ အဲ့တော့ ကျွန်တော်ဘာစဉ်းစားမိလဲဆို ကိုယ့်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမူကသာ ကိုယ်တွေလို လူတွေအတွက် အဓိက လျှို့ဝှက် နံပါတ်ဖြစ်တယ်။ ကိုယ်က ဒါကို ထိန်းသိမ်းနိုင်မှာသာ ကိုယ့်လုပ်ငန်းက ရေရှည်ရပ်တည်နိုင်မယ်ဆိုတဲ့ အတွေးရှိလာတယ်။ ကျွန်တော် အခုဆို မြန်မာဝတ်စုံတွေ မြန်မာရိုးရာ ပုံစံလေးတွေ ချုပ်လုပ်ဖန်တီးနေတာ အခုဆို (၃) နှစ်လောက်ရှိပါပြီ။ အားလုံးကလဲ ကြိုက်ကြတယ်။ မြန်မာဝတ်စုံ အထူးသဖြင့် မင်္ဂလာဝတ်စုံလေးတွေ ဈေးကွက်မှာ တန်ဖိုးပိုရှိလာတယ်ဆိုတာ သိလာရတယ် " ဟု ဆိုသည်။
ဈေးကွက်အတွင်း မြန်မာ ထိုင်မသိမ်း မင်္ဂလာဝတ်စုံများကို ဘော်ကြယ်အလှဆင်၍ ဒီဇိုင်မျိုးစုံကို ဒီဇိုင်နာများက ဖန်တီးချုပ်လုပ်ကြသော်လည်း၊ အချို့ဒီဇိုင်နားများအနေဖြင့် မြန်မာချည်ထည်များကို ပြည်တွင်းမှ ပြည်ပအထိ ရိုးရားမပျက် တီထွင်ဖန်တီးပြီး ကိုယ်တိုင်ချုပ်လုပ် ရောင်းချမူများလည်း ဈေးကွက်တွင် လက်ချိုးရေတွက် ရအောင် ရှိလာကြောင်း သိရသည်။
ကိုလင်း