နေပြည်တော် ၂၄  ဇန်နဝါရီ 

 

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း၏ ရုံးအဆောက်အဦမြေနေရာ သိဒ္ဓိတင်မင်္ဂလာ အခမ်း အနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ်(ဒီ-ဝ၂) ရှိ အဆိုပါ ရုံးအဆောက်အဦ ဆောက်လုပ်လျက်ရှိသည့် မြေနေရာ၌ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာများနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဦးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများက ရုံးအဆောက်အဦ၏ မင်္ဂလာတိုင်တော်များကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာဖွံ့ဖြိုးမှု အဖွဲ့အစည်းသည် နှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ရေရှည် တည် တံ့ခိုင်မြဲ၍ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် Project Bank တို့ကို ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲခြင်း၊ ဘဏ္ဍာရေးဆိုင်ရာမူဝါဒများရေးဆွဲချမှတ်ခြင်း၊ နိုင်ငံတော်အစိုးရ အတွင်းရှိ လုပ်ထုံးလုပ်နည်းများစံသတ်မှတ်ခြင်းစသည့်  မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင် ရာပြုပြင် ပြောင်းလဲမှုများတွင် တန်ဖိုးရှိသည့် အထောက်အကူများ ပေးအပ်လျက်ရှိပါကြောင်း။

 

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း တည်ထောင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံက ပေးအပ်သည့် အထောက်အကူများသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ခိုင်မာလေးနက်သည့် ပူးပေါင်းဆောင်ရွက်မှုအနေအထားကို ပြသခြင်းဖြစ်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၏  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် Korea Development Institute သည် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်သကဲ့သို့ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း သည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုလေးနက် အားကောင်းသည့် အထောက်အကူများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။ 

 

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း ရုံးအဆောက်အဦ ဆောက်လုပ်ပြီးစီးပါက နိုင်ငံတော် စီးပွားရေးအကြံပေး အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း၏ အခန်း ကဏ္ဍသည် ပိုမိုကြီးမားအားကောင်းလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Mr. Lee Taeho က အမှာစကားပြောကြားပြီး KDI School of Public Policy and Management မှ တက္ကသိုလ်အဓိပတိ Dr. You Jong-il က မြန်မာဖွံ့ဖြိုးမှုအဖွဲ့ အစည်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဦးဝင်းမော်ထွန်းနှင့် ဦးဆက်အောင်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းနှင့် ဦးဘိုဘိုငယ်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Lee Sang-hwa၊ မြန်မာနိုင်ငံဖွံ့ဖြိုးမှုအဖွဲ့အစည်း ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ KOICA Myanmar Office ၏ ဌာနေကိုယ်စားလှယ် Ms. Lee Youn Soo၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း ရုံးအဆောက်အဦကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက စတင်တည်ဆောက်လျက်ရှိပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

KHP_003