နေပြည်တော်၊  ၁၁  ဇွန်

 

မြန်မာ့ပို့ကုန်များ ရေရှည်ဈေးကွက်ခိုင်မာစွာ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ကုန်သွယ်ဖက်နိုင်ငံများနှင့် G to G ညှိနှိုင်းဆောင်ရွက်မည့် Action Plan ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မြန်မာ့ ပို့ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အပါအဝင် ကုန်သွယ်ဖက်နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် G to G ညှိနှိုင်းဆောင်ရွက်နိုင်ရေး Action Plan ရေးဆွဲဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ မိမိတို့၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် တိုးမြှင့်တင်ပို့နိုင်ရန်အတွက် SPS၊ TBT ကဲ့သို့သော အကောက်အခွန်မဟုတ်သော အတား အဆီးများ (Non tariff Measures-NTM) ကို လွယ်ကူချောမွေ့စွာ ဖြတ်ကျော်နိုင်ရန် အပင်ပိုးမွှား ရောဂါကင်းစင်ရေး (Sanitary and Phytosanitary-SPS) ဆိုင်ရာ G to G MoU ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ GACC တို့အကြား လက်မှတ်ရေးထိုးပြီးမှသာ တင်ပို့နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက ဆန်နှင့် ပဲကို ကုန်သွယ်ဖက် နိုင်ငံများနှင့် G to G လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။

 

 ထို့အပြင် တရုတ်နိုင်ငံ (ပေကျင်း၊ကူမင်း၊နန်နင်း)၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရှိ မြန်မာစီးပွားရေး သံမှူးများမှလည်း မြန်မာ့ပို့ကုန်များ ကုန်သွယ်ဖက်နိုင်ငံများသို့ ရေရှည်ဈေးကွက်ခိုင်မာစွာ တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ဈေးကွက်လိုလားချက်၊ ကုန်စည်အလိုက် ဈေးကွက်ရရှိနိုင်မှုနှင့် ကုန်သွယ်ဖက် နိုင်ငံများ၏ ကုန်သွယ်မှုအလားအလာ အခြေအနေများအား ရှင်းလင်းဆွေးနွေးမှုများအပေါ် အမြဲတမ်းအတွင်းဝန်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)