ရန်ကုန် ၂၁ ဖေဖော်ဝါရီ
မြန်မာ့ပင်လယ်ပြင်တွင် ငါးကြီးများလျော့နည်းလျက် ဈေးကွက်မဝင်သော ငါးသေးများသာ ကျန်ရှိသောကြောင့် ပင်လယ်ပြင် ငါးဖမ်းစက်လှေများ မကြုံဖူးသော ရေသယံဇာတ ရှားပါးမှုကို ရင်ဆိုင်ရလျက်ရှိရာ မြန်မာ့ပင်လယ်ပြင်တွင် နော်ဝေနိုင်ငံနှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်းများကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
“သုတေသနလုပ်ငန်းမှာ ငါးကြီးရှားပါးလာမှုအပြင် ပင်လယ်ပြင်မှာ ပလတ်စတစ် အမှိုက်ပေါများလာတာကိုလည်း တွေ့လာရတယ်။ ဒါကြောင့် ငါးလုပ်ငန်းဦးစီးဌာန တစ်ခုတည်းမဟုတ်ဘဲ မြိတ်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်များနဲ့ နော်ဝေနိုင်ငံပူးပေါင်းပြီး ပင်လယ်ပြင်ငါးမျိုး စိတ်တွေရဲ့အခြေအနေကို သိရှိဖို့ ဆက်လက်သုတေသန ပြုသွားမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဒေါ်ယဉ်ယဉ်မိုးက ပြောသည်။
ပင်လယ်ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများကို လက်ရှိဆောင်ရွက်နေသော ပုံစံထက်အရှိန် မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ရေရှည် ဖမ်းဆီးစားသုံးနိုင်မည်ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံ
ငါးလုပ်ငန်း အဖွဲ့ချုပ်သာမက သက်ဆိုင်ရာပင်လယ် ငါးဖမ်းအသင်းများ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များပါဝင်သော တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်၌ ရေသယံဇာတ ထူးခြားသိသာစွာ လျော့နည်းသွားမှုကို အဖြေရှာဆောင်ရွက်နိုင်မည် ဖြစ်သည်။
“တစ်နိုင်ငံလုံး ငါး၊ ပုဇွန်စတဲ့ ရေသယံဇာတကို ဘယ်လိုကာကွယ် ထိန်းသိမ်းလိုက်နာ စောင့်ရှောက် မလဲဆိုတာ ဆွေးနွေးပြီး ရလဒ်အတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် အချိန်မီနိုင်ပါသေးတယ်။ ယခင်နှစ် ဒီရာသီတွေမှာ ငါးဖမ်းလို့ရတယ်။ ဒီနှစ်ငါးဖမ်းလို့မရဘူး။ ဘာ့ကြောင့် လျော့နည်းသွားတယ်ဆိုတာ အကြောင်းအမျိုးမျိုးလည်း ရှိနိုင်မယ်”ဟုမြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းဆီးရာတွင် နှစ်စဉ်ဇွန်၊ ဇူလိုင်၊ သြဂုတ်သုံးလသည် ငါးမဖမ်းဆီးရရာသီ အဖြစ်တားမြစ်ထားပြီး ပင်လယ်ပြင်၌ ငါးမျိုးစိတ် ပေါက်ဖွားမှုအချိန်ကာလ မတူညီသော်လည်း ငါးအများဆုံး ပေါက်ဖွားသောရာသီကို သုတေသန ဆန်းစစ်၍ ငါးမဖမ်းဆီးရရာသီကို ပြန်လည်သ တ်မှတ်ခြင်းဖြင့် ပင်လယ်ပြင် ရေသယံဇာတကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်သည်။
သစ္စာ


