ရန်ကုန်  ၂၀   ဇန်နဝါရီ 

မြန်မာပန်းချီပညာရှင် ၁၇ ဦး၏ ရေဆေး၊ အခရိုင်းလစ်၊ မစ်စ်မီဒီယာ စသည့် ပန်းချီကားချပ် ၆၅ ကားပါဝင်သည့် နှင်းစက်နဲ့လမ်း မြန်မာ့အလှပုံရိပ်ပန်းချီပြပွဲကို အမျိုးသားပြတိုက်(ရန်ကုန်)၌ ယနေ့မှ စတင်ခင်းကျင်းပြသသည်။

အဆိုပါပန်းချီပြပွဲကို မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်းက စီစဉ်တင်ဆက်ပြီး ဇန်နဝါရီ ၂၂ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း   သုံးရက်တာ ခင်းကျင်းပြသသွားမည်ဖြစ်သည်။

မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်း ပန်းချီပြပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ပန်းချီနီပိုဦး က မြန်မာ-တရုတ် သမိုင်းကြောင်းရှည်လျားစွာ ရင်းရင်းနှီးနှီး ဆက်ဆံလာခဲ့သည်မှာ နှစ်ပေါင်းကြာပြီဖြစ်ပါကြောင်း။ သူ့တိုင်းပြည်တွင် သူ့လူမျိုး၏ ယဉ်ကျေးမှုများရှိသလို ကိုယ့်တိုင်းပြည်တွင်လည်း ကိုယ့်ယဉ်ကျေးမှုက ခိုင်မာတည်တံ့ခဲ့ပါကြောင်း။ ထိုယဉ်ကျေးမှုများကို တစ်နိုင်ငံနင့်တစ်နိုင်ငံ ပြည်သူများ အပြန်အလှန်တန်ဖိုးထားပြီး ချစ်ကြည်ရင်းနှီးရန်၊ အဓွန့်ရှည်ရန်အတွက် အလေးထားပါကြောင်း၊ အဆိုပါ ပြပွဲတွေလုပ်ရင်း နှစ်နိုင်ငံပြည်သူများ  ပိုမိုနွေးထွေးလာမည်ဖြစ်ပြီး ယဉ်ကျေးမှုတွေလည်း အပြန်အလှန် ပံ့ပိုးပေးနိုင် မည်ဖြစ်ကြောင်း။ အနုပညာတွေကို ဖော်ထုတ်သည့်အခါ ပန်းချီတစ်မျိုးတည်းမှ မဟုတ်ပဲ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ဓာတ်ပုံ၊ ပန်းချီ၊ ပန်းပုများကိုပါ နှစ်နိုင်ငံအပြန်အလှန် အတူတစ်ကွ လက်တွဲပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ရိုးရာယဉ်ကျေးမှုအသီးသီးကို နှစ်နိုင်ငံပြည်သူများ ပိုမိုနားလည်သိရှိ ခံစားနိုင်ရေး အပြန်အလှန် လေးစားတန်ဖိုးထား အကောင်အထည်ဖော်နိုင်ရေးနှင့် လူမှုအကျိုးစီးပွားများ လက်တွဲဖော်ဆောင်နိုင်ရေး စသည့် ရည်ရွယ်ချက်ဖြင့် မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလှိုင်ဝင်းက မြန်မာ-တရုတ် ယဉ်ကျေးမှုကို မြှင့်တင်ရန်နှင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းရန် ဖွဲ့စည်းထားတာဖြစ်ပြီး ဒီပြပွဲကို ပြီးခဲ့သည့်နှစ်ပိုင်းက ပြသရန် စီစဉ်ခဲ့တာဖြစ်ပါကြောင်း။ အခုပွဲက ပထမဆုံးခြေလှမ်း ပြပွဲဖြစ်ပါကြောင်း။ မြန်မာ-တရုတ်ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အနေဖြင့် အသင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရုပ်ရှင်ကုမ္ပဏီတစ်ခုနှင့်ပူးပေါင်းပြီး ရိုက်ကူးရန် ပြင်ဆင်နေပါကြောင်း ပြောကြားသည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒါရိုက်တာ Mr. Hu Billy က မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်းက မြန်မာနိုင်ငံမှာ ပုဂံဒေသနောက်ခံထားပြီး ယဉ်ကျေးမှုဆိုင်ရာ ရင်းနှီးမှုကို အခြေခံသည့် ရုပ်ရှင်ဇာတ်ကားကို တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံတို့တွင် ရိုက်ကူးသွားမှာ ဖြစ်ပါကြောင်း၊ မကြာခင်မှာ ရိုက်ကူးရန် စီစဉ်နေပါပြီဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံက သရုပ်ဆောင်များပါဝင်ပြီး အချစ်၊ အလွမ်း၊ ဟာသနှောထား သည့် ဇာတ်ကားကို ရိုက်ကူး ရန်စီစဉ်နေပါကြောင်း ပြောကြားသည်။    

အလားတူ မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်းအနေဖြင့် ယဉ်ကျေးမှုကိစ္စရပ်များအပြင်  ပုဂံခေတ် လေးခေတ်ကိုအခြေခံပြီး ပုဂံဒေသဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းသည့် ဓာတ်ပုံပြပွဲတစ်ခုကိုလည်း ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နှင်းစက်နဲ့လမ်း မြန်မာ့အလှပုံရိပ်ပန်းချီပြပွဲကို   မြန်မာ-တရုတ် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်အေးနှင့်   ဒါရိုက်တာ ပန်းချီ ဦးစိုးမိုးတို့က   ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

သတင်း-ဝင်းဝင်းမော်
ဓာတ်ပုံ-ရဲထွဋ်