မကွေး ၂၈ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် မန်းချောင်းဆင်စခန်း ယာယီပိတ်ထားစဉ် ကာလအတွင်း မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများအနေဖြင့် Online မှတစ်ဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခု ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်သည်။ ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းတွင် ဆင်ကောင်ရေ(၁၃)ကောင်ရှိပြီး ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ နာနတ်သီး၊ ပြောင်းဖူးများကို အဓိကထား ပြင်ဆင်ကျွေးကာ ဆင်စာဘူဖေး တစ်ခါကျွေးလျှင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်း လှူဒါန်းကြကြောင်း သိရသည်။
“ကိုဗစ်ကာလမှာ ခရီးသွားလုပ်ငန်းတွေ ရပ်နားထားရတဲ့အတွက် ဆင်စာကျွေးသူတွေ မရှိတော့ပါဘူး၊ ဒါကြောင့် ဆင်တွေအတွက် ဖြည့်စွက်စာကို အလှူရှင်တွေရှိဖို့ လိုအပ်လာပါတယ်။ လာရောက်လှူဒါန်းသူတွေ ရှိပေမယ့် နည်းပါးနေတယ်၊ အခုလိုအချိန်မှာ ရွှေသံလွင်မီဒီယာကုမ္ပဏီ လီမိတက်က တစ်ရက်စာ (၁)သိန်းနှုန်းနဲ့ (၁၃)ရက်စာ လာရောက်လှူဒါန်း ပေးတဲ့အတွက်ကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်း တာဝန်ခံ ဦးအောင်ကိုကိုထက်က ပြောသည်။
ကိုဗစ်ကာလ ဆင်စခန်းပိတ်ထားရချိန်မှာ ဆင်တွေကို ပိုမိုလိမ္မာယဉ်ကျေးလာအောင် လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်နေပါတယ်၊ ဆင်တွေအတွက် ဘူဖေးလှူဒါန်းပေးတာ အများကြီး အကျိုးရှိပါတယ်၊ ဆင်တွေက ကျွန်တော်တို့ရဲ့ ဘဝဖြစ်တဲ့အတွက် ဆင်တွေကိုချစ်တဲ့ အလှူရှင်တွေ များများပေါ်လာပါစေ ဆုတောင်းပါတယ်”လို့ ပြောသည်။
မကွေးတိုင်းဒေသကြီးတွင် ပထမဦးဆုံး ခရီးသွားအခြေပြု ဆင်စခန်းဖြစ်သည့် ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းသည် မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်ဘုရားအနီးတွင် တည်ရှိပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ချိန်မှာ ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းကို လာရောက်လည်ပတ်ပါက အေးချမ်းစွာ နေထိုင်နိုင်ရန် အပန်းဖြေတည်းခိုဆောင်များ စီစဉ်ထားရှိသည်။ ဆင်စီးကာ သဘာဝရှုခင်း အလှအပများကို ခံစားနိုင်ခြင်း၊ ဆင်လိမ္မာများရဲ့ ဖျော်ဖြေမှုအစီအစဉ်များ ကြည့်ရှုနိုင်ပြီး ကြည်လင်အေးမြသည့် မန်းချောင်းရေချိုးကာ အပန်းဖြေ အနားယူခြင်းများအပြင် ရေမြေတောတောင် သဘာဝအလှရှုခင်းများအား အပန်းဖြေကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။
ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားစဉ် ကာလအတွင်း ဖုန်းဖြင့်ဖြစ်စေ၊ ဆင်စခန်း Page များမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းနှင့် မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများအနေဖြင့် Online မှတစ်ဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလျက်ရှိရာ ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်း တာဝန်ရှိသူများဖြစ်သည့် ဦးအောင်နေလင်း (မန်နေဂျာ၊ မင်းဘူးဒေသ)၊ ၀၉-၇၈၁၁၁၁၃၇၄၊ ဦးလှသန်း(လက်ထောက်မန်နေဂျာ) ၀၉-၄၀၁၅၆၂၀၈၃ နှင့် ဦးအောင်ကိုကိုထက် (ဆင်စခန်းတာဝန်ခံ) ၀၉-၄၂၀၉၉၇၅၄၉ ဖုန်းများသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)