မန္တလေး ၁၃ ဇူလိုင်

 

မြန်မာပြည်၏ ပထမဆုံး level 4 Sanitary landfill ကို ကျောက်ကြမ်းတောင် (ကြာနီကန်) တွင် တည်ဆောက်လျက်ရှိပြီး လုပ်ငန်းအခြေအနေများ ကွင်းဆင်းစစ်ဆေးသည့်အကြောင်းကို မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သိရသည်။

 

သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ပျက်စီးစေသည့် သမရိုးကျ အမှိုက်ကျင်းများမှ ထွက်ရှိလာသော leachate ဟုခေါ်သည့် ရေဆိုးသည် မြေအောက်ရေကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသည့်အတွက် ထွက်ရှိလာမည့် leachate များကို မြေကြီးထဲ စိမ့်ဝင်မှုမရှိစေရန် ပိုက်နှင့် စုဆောင်းပြီး leachate treatment plant နှင့် သန့်စင်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ leachate collection pipes များကို  630mm perforated HDPE manin pipes ပေ ၉၀ဝ နှင့် 315mm HDPE branch pipes ပေ ၂၁၀ဝ တို့ဖြင့် စုဆောင်းရယူသွားမည်ဖြစ်ကြောင်း၊ leachate များကို မြေအောက်သို့ စိမ့်ဝင်မှုမရှိစေရန်အတွက် 2mm အထူ geomembrane PE sheet ကို စတုရန်းပေ ၃သိန်း၃သောင်းကျော် ခင်းလျက်ရှိကြောင်း ဖော်ပြထားသည်။   

 

ထို့ပြင် မိုးရေနှင့် ပတ်ဝန်းကျင်ရှိ လယ်များမှ စိမ့်ဝင်လာမည့် မြေအောက်ရေများ geomembrane အပေါ် ရောက်ရှိ မလာစေရန်အတွက် အခင်း၏အောက်တွင် seepage and ground water collection pipe ကို ပေ ၃ ထောင်ကျော် တပ်ဆင်ထားသည်ဟု သိရသည်။ ထို့ပြင် စုဆောင်းရရှိထားသော မြေအောက်ရေကို စုပ်ထုတ်နိုင်ရန် sensor type submersible pump ၃ခု တပ်ဆင်ထားကြောင်း၊ ထွက်ရှိလာသည့် leachate များကို စုဆောင်းရန် ဂါလံ ၁သိန်းခွဲဆံ့သော ကွန်ကရစ်ကန် တည်ဆောက်လျက်ရှိကြောင်း၊ အမှိုက်မှ ထွက်ရှိလာမည့် မီသိန်းဓာတ်ငွေ့များကိုလည်း စုဆောင်းပြီး အမှိုက်ကျင်းများတွင် ပြန်လည်အသုံးပြုနိုင်ရန် generator ဖြင့် လျှပ်စစ် 75 KW ထုတ်လုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။


 
ထို့ပြင် တစ်နာရီလျှင် အမှိုက် ၂၅တန်မှ တန် ၅၀ ထိ အမှိုက် ၈ မျိုးကို ခွဲခြားနိုင်မည့် waste sorting plant အတွက် မြေညှိခြင်းလုပ်ငန်းများလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါလုပ်ငန်းများအတွက် တင်ဒါခေါ်ယူပြီးဖြစ်ပြီး တစ်နာရီလျှင် leachate ဂါလံ ၅ ထောင် သန့်စင်နိုင်မည့် leachate treatment plant အတွက်လည်း လာမည့်ဘတ်ဂျတ်တွင် လျာထား ထားပြီးဖြစ်ကြောင်း သိရသည်။ လုပ်ငန်းများအားလုံး ပြီးစီးသွားပါက အမှိုက်တန်ချိန် ၄သိန်း၆သောင်းကို လက်ခံနိုင်မည်ဖြစ်သည်ဟု သိရသည်။

 

အဆိုပါစီမံကိန်းသည် မန္တလေးမြို့တော်စွန့်ပစ်အမှိုက်စီမံချက် Waste Management Strategy and Action Plan for Mandalay City 2017-30 ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အနေနှင့် သဘာဝပတ်ဝန်းကျင် မညစ်ညမ်းစေရန် အစဉ်အမြဲ ကြိုးစားလျက်ရှိသည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ 

 


Photo credit- Ye Lwin

 

12