ရန်ကုန် ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၌ မွေးမြူထုတ်လုပ်ပြီး ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရရှိလျက်ရှိသည့် ပနားမီး ပုစွန်ဖြူကို တရုတ်နှင့် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ပနားမီးပုစွန်ဖြူကို မြိတ်ကျွန်းစု၌ ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် စတင်မွေးမြူခဲ့ပြီး ပင် လယ်ရေသန့်ရှင်းမှုကြောင့် ပုစွန်မွေးမြူမှု ပိုမိုအောင်မြင် ဖြစ်ထွန်းလျက်ရှိရာ ခိုင်မာသော ပြည်ပဈေးကွက်ရရှိပါက ယခုထက်ပိုမိုမွေးမြူရန် ရေလုပ်ငန်းရှင်များက အသင့်ရှိနေကြသည့်အပြင် ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များကလည်း ပင်လယ်ပြင်တွင် ငါး/ပုစွန် ဖမ်းဆီးမှုထက် ၃ လ မွေးမြူပါကငွေပေါ်သော ပနားမီးပုစွန်ဖြူမွေးမြူမှုကို ပိုမိုစိတ်အား ထက်သန်လျက်ရှိကြောင်း သိရသည်။
ပနားမီးပုစွန်ဖြူကို မြိတ်ကျွန်းစုတွင် တစ်ဟက်တာ(နှစ်ဧကခွဲ)အကျယ်ရှိသော ပုစွန်ကန် ၂၀၀ ကျော်နှင့် ကော့သောင်းတွင် ကန် ၁၀၀ ခန့် မွေးမြူလျက်ရှိပြီး ထားဝယ် တွင် မွေးမြူရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကာ ပုစွန်ကန်ဧက ၁၀၀ ၌ ဧက ၄၀ ကို ပင်လယ်ရေ သိုလှောင်သန့်စင်သောကန်အဖြစ် ထိန်းသိမ်းထားရှိ၍ ကျန်သောဧက ၆၀ တွင် မွေးမြူခြင်းဖြစ်ကြောင်း သိရသည်။
တစ်ဟက်တာလျှင် ပုစွန်ပေါက် အကောင်ရေသန်းနှင့်ချီ မွေးမြူလျက်ရှိပြီး ၃ လ၊ ၄ လအကြာတွင် ရောင်းတန်းဝင်အဆင့်သို့ ရောက်ရှိသည့်အတွက် တစ်နှစ်လျှင် ၃ ကြိမ်မှ ၄ ကြိမ်အထိ စဉ်ဆက်မပြတ် မွေးမြူလျက်ရှိကာ လက်ရှိထုတ်လုပ်ရာ၌ စက်ရုံမှထွက်ရှိသော ပြုတ်ထားသည့် ပနားမီးပုစွန်များကို တရုတ်နိုင်ငံသို့ ဗူးဖြင့်ပါကင်ပိတ်တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အေးခဲ၍တင်ပို့လျက်ရှိသည်။
နိုင်ငံခြားဝင်ငွေရရှိနေသော ပနားမီပုစွန်ဖြူမွေးမြူမှုတွင် ပုစွန်သားပေါက်နှင့်အစာကို ထိုင်းနိုင်ငံမှ ဝယ်ယူတင်သွင်းရသည့်အတွက် သားပေါက်နှင့်အစာကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ပါက တိုးချဲ့မွေးမြူမှုနှင့် လုပ်ငန်းပြောင်းလုပ်ကိုင်ကြမည့် ရေထွက်ကုန် လုပ်ငန်းရှင်များ အသင့်ရှိနေကြသည်။
“ပင်လယ်ပြင် ငါး၊ ပုစွန် ဖမ်းဆီးရရှိမှုနည်းလာတော့ ငါးဖမ်းလုပ်ငန်းရှင်တွေက ပနား မီးပုစွန်ဖြူ မွေးမြူတာကို စိတ်ဝင်စားလာကြတယ်။ ငါးသယံဇာတရှားလာပြီး စက်သုံး ဆီဈေးမြင့်လာတော့ ငါးဖမ်းစက်လှေတွေ တွက်ချေမကိုက်တော့ဘူး။ ဖမ်းဆီးမှုကနေ မွေးမြူရမယ်အခြေအနေကိုပြောင်းလဲရမယ့် အခြေအနေဖြစ်လာတယ်။ ပနားမီးမွေးမြူ တာ အဆင်ပြေတော့ ထပ်ပြီးတိုးချဲ့လုပ်ကိုင်မယ့် သူတွေလည်းရှိနေတယ်။ အဓိက အခက်အခဲကမြေနေရာပါ။ စပါးစိုက်လို့မရတဲ့ ရေမြုပ်တဲ့နေရာတွေမှာ ပုစွန်မွေးမြူရေးအတွက်ချပေးနိုင်ရင် တိုးချဲ့မွေးမြူသူနဲ့ လုပ်ငန်းသစ် လုပ်ကိုင်လိုသူတွေအတွက် အဆင်ပြေစေမှာပါ။ နိုင်ငံအတွက်လည်း GDP တိုးတက်လာမှာဖြစ်သလို မွေးမြူရေးလုပ်ငန်းရှင်တွေလည်း ဝင်ငွေပိုရလာမှာပါ။ ဗီယက်နမ်မွေးမြူရေး အောင်မြင်မှုကိုကြည့်ရင်သိမှာပါ၊ ၂၀၁၉- ၂၀၂၀ ခုနှစ် ရေထွက်ကုန်ကနေ နိုင်ငံခြားဝင်ငွေဒေါ်လာသန်း ၈၀၀၀ ကျော် ၉၀၀၀ ကျော်ရနေချိန် ကျွန် တော်တို့မှာ ဒေါ်လာသန်း ၇၀၀၊ ၈၀၀ ပဲရခဲ့ပါတယ်။ မြိတ်ကျွန်းစုမှာမွေးမြူသူများ လာရင်ထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီးအ စာထုတ်တဲ့စက်ရုံတည်ဆောက်ဖို့အစီအစဉ်ရှိပါတယ်။ သားပေါက်ဆိုရင်တက္ကသိုလ်ကပညာရှင်တွေနဲ့ငါးလုပ်ငန်းဦး စီးဌာနပူးပေါင်းပြီး ကြိုးစား နေတာရှိတယ်။ ပြည်တွင်းမှာထုတ်လုပ်နိုင်ရင် ပြည်ပထွက်ငွေသန်းနဲ့ချီ ပြီးသက် သာ သွားမှာပါ”ဟု တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးသက်စိုး က ပြောသည်။
ပင်လယ်ပြင်ဖမ်းဆီးမှုမှ မွေးမြူထုတ်လုပ်မှုသို့ ပြောင်းလဲလုပ်ကိုင်လာပါက ပင်လယ်ပြင်ရေသယံဇာတ ပြန်လည်ဖွံ့ဖြိုးလာမည့်အပြင် ဝင်ငွေသေချာသည့် မွေးမြူရေး လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေမလွဲမသွေရရှိလာမည်ဖြစ်ပြီး လက်ရှိပနားမီးမွေးမြူ ထုတ်လုပ် ရာ၌ လုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)