ရန်ကုန် ဇန်နဝါရီ ၁၇

ကမ္ဘာပေါ်ရှိ ဆီးနှင်းဖုံးလွှမ်းသော ဗဟိုအာရှနိုင်ငံ ၁၂ နိုင်ငံတွင် ကောင်ရေ ၃၀၀၀ မှ ၆၀၀၀ ကျော် သာကျန်ရှိသော နှင်းကျားသစ်(Snow Leopard) မြန်မာပြည်မြောက် ဖျားရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဧရိယာအတွင်း တည်ရှိကျက်စားမှု ရှိ / မရှိ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်မှ ဝန်ထမ်းများနှင့် အမေရိကန်အခြေစိုက် Panthera Corporation မှ ပညာရှင်များပူးပေါင်း၍ သုတေသနပြုနိုင်ခဲ့ကြောင်း သိရသည်။ 

အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့( International Union for  Conservation of Nature and Natural Resources –IUCN)က နှင်းကျားသစ်ကို မျိုးတုံးရန်အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ထား ပြီး ကမ္ဘာလုံးဆိုင်ရာထိန်းသိမ်းမှုကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် မျိုးစိတ်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်အပါအဝင် တောရိုင်းတိရစ္ဆာန် များ၊ ငှက်များ၊  သစ်ပင်ပန်းမန်များနှင့် ရေနေသတ္တဝါများကို နိုင်ငံတကာစံနှုန်းနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ ထိုသို့ နိုင်ငံအတွင်းရှိ အမျိုးသားဥယျာဉ်များနှင့် ဘေးမဲ့တော တို့တွင် ရှင်သန်လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများ၊  ရုက္ခနှင့်ဇီဝများကို ထိန်းသိမ်းစောင့် ရှောက်လျက်ရှိရာ မြန်မာပြည် မြောက်ဖျားရှိ ရေခဲဖုံးလွှမ်းနေသော ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ဧရိယာအတွင်း မျိုးသုဉ်းရန် အန္တရာယ်ရှိနေသည့် နှင်းကျားသစ် လှည့်လည်ကျက်စားနေထိုင်မှု ရှိ/မရှိကို ကင်မရာထောင်ချောက် မှတ်တမ်းများဖြင့် သုတေသနပြု ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ နှင်းကျားသစ်ကိုအိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံက ရေခဲတောင်တွေမှာ ကျက်စားနေ တယ်ဆိုတာ မှတ်တမ်းရှိထားတာကြောင့် မြန်မာနိုင်ငံရဲ့ ရေခဲတောင်တည်ရှိတဲ့ ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်မှာ နှင်းကျားသစ်ကျက်စားမှုရှိ/ မရှိကို အမေရိကန်နိုင်ငံမှာ အခြေပြုတဲ့သုတေသနအဖွဲ့နဲ့ ၂၀၁၇-ခုနှစ်၊ မေလကနေ ဇွန်လအထိ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရေခဲတောင်ပေါ်မှာ ကင်မရာထောက်ချောက်မှတ်တမ်းတွေ တပ်ဆင်နိုင်ခဲ့ပြီး၂၀၁၈-ခုနှစ်မှာအဖြေတွေ့ရှိခဲ့တယ်။ နှင်းကျားသစ်မတွေ့ဘဲ အခြား အသားစားရေခဲတောင် တိရစ္ဆာန်တွေကိုပဲ တွေ့ရှိခဲ့တာကြောင့် မြန်မာနိုင်ငံမှာ နှင်းကျားသစ်ကို တွေ့ရှိခဲ့မယ်ဆိုရင်နိုင်ငံတကာက စိတ်ဝင်စားတဲ့ တောရိုင်းတိရစ္ဆာန် ဖြစ်တဲ့အတွက် မှတ်တမ်းဓာတ်ပုံပြသနိုင်ခဲ့ရင်အာဆီယံနဲ့ ကမ္ဘာမှာ ဂုဏ်ယူစရာဖြစ်စေမှာပါ။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေလာ ရောက်မှတ်တမ်းပြုကြတဲ့အတွက် ဌာနရဲ့လုပ်ငန်းဖော်ဆောင်မှုကို ပိုပြီးအရှိန်မြင့်တင် စေတဲ့အပြင်နိုင်ငံ တော်အတွက်လည်းအကျိုးရှိစေပါတယ်။ နိုင်ငံတကာနဲ့ပူးပေါင်း ဆောင်ရွက်မှုကနေနည်းပညာရရှိတဲ့အတွက် ထိန်းသိမ်းရေးလုပ်ငန်းကိုလည်း အထောက် အကူဖြစ်စေမှာပါ။ ပြီးတော့သဘာဝကိုချစ်မြတ်နိုးတဲ့ စိတ်လူတိုင်းမှာထားရှိဖို့လိုပါတယ်။ သဘာဝကြီးပျက်စီးသွားရင် ကမ္ဘာကြီးလည်းပျက်စီးနိုင်ပြီး သဘာဝကိုအမှီပြုနေထိုင်တဲ့ တိရစ္ဆာန်နဲ့အပင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တာဟာနိုင်ငံတော်ရဲ့အမွေအ နှစ်တွေကိုထိန်းသိမ်း ကာကွယ်ခြင်းပါဘဲ”ဟု ဘူတာအိုမြို့၊ ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်မှ တောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်းက ပြောသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်မှ ဝန်ထမ်းများနှင့် အမေရိကန်ပြည်ထောင်စုအခြေစိုက် Panthera Corporation မှ ပညာရှင်သုံးဦးတို့ပူးပေါင်း၍ ၂၀၁၇-ခုနှစ်မှ ၂၀၁၈-ခုနှစ် အထိ သဘာဝသိပ္ပံဆိုင်ရာ သုတေသနပြုလေ့လာ မှတ်တမ်းတင်နိုင်ခြင်း မရှိသေးသော အိန္ဒိယ၊ တရုတ်နှင့် မြန်မာနိုင်ငံ သုံးနိုင်ငံထိစပ်နေသည့် မြန်မာနိုင်ငံ အတွင်းရှိ နယ်ခြားကျောက်တိုင် အမှတ် ၄၆ အနီး အမြင့်ပေ ၁၄၈၈၀ ရေခဲတောင်တည် ရှိရာ ဧရိယာ၌ ကင်မရာကိုးလုံးကို တပ်ဆင်ခဲ့ပြီး အမြင့်ပေ ၁၇၀၀၀ အထိမြင့်သော ဂန်လန်ရာဇီရေခဲတောင်ဧရိယာတွင် အမြင့်ပေ ၁၁၆၄၈ နှင့် အမြင့်ပေ ၁၁၇၀၅ တို့တွင် ကင်မရာထောင်ချောက် ၇၁ လုံးကို တပ်ဆင်ခဲ့သည်။

ရေခဲတောင်များတွင်သာ ရေထိုင်ကျက်စားလေ့ရှိသော နှင်းကျားသစ်(Snow Leopard)များကိုအမဲ လိုက်ခြင်း၊ အသားစားသတ္တဝါ(Prey Specise)များအား အလွန် အကျွံဖမ်းဆီးခြင်း၊ ကျက်စားရာ နယ်မြေများကျဉ်းမြောင်းလာခြင်း၊ လူနှင့်တောရိုင်း တိရစ္ဆာန် ပဋိပက္ခဖြစ်ခြင်းတို့ကြောင့် သတ်ဖြတ်ခံရ ခြင်း၊ အမဲလိုက်ခံရခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် နှင်းကျားသစ်ကောင် ရေ ကျဆင်းလာလျက်ရှိပြီး မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ဘူတန်၊ မွန်ဂိုလီးယား၊ အာဖဂန်နစ္စတန်၊ ကာဇစ္စတန်၊ ရုရှား၊ တာကစ္စတန် နှင့်  ဥဇဘက်ကစ္စတန်နိုင်ငံတို့တွင် မျိုးတုံးရန်အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ထားသည့် နှင်းကျားသစ်များ ကျက်စားလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - Snow Leopard Gp
ညိမ်းသူ (သတင်းစဉ်)