၅ မတ်

 

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်၍ လယ်ယာထွက်ကုန်တို့အား ပြည်ပနိုင်ငံများသို့ တိုးမြှင့် တင်ပို့နိုင်ရေးသည် တိုင်းပြည်အတွက် အရေးကြီးသော စီးပွားရေး လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် လယ်ယာထွက်ကုန်တို့အနက် ပြောင်းသည်အရေးပါသော ပြည်ပပို့ လယ်ယာထွက်ကုန်တစ်မျိုး ဖြစ်ပါသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၌ ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန် ၆၁၀၂၂၄ တင်ပို့နိုင်ခဲ့သည်ဖြစ်၍ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၁ သန်းရရှိခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန် ၁၂၉၂၁၇၉ တင်ပို့နိုင်ခဲ့သည်ဖြစ်၍ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၅၃ သန်းရရှိခဲ့ပါသည်။ လေးနှစ်တာ ကာလအတွင်း ပြည်ပသို့ တင်ပို့သော ပြောင်းတန်ချိန် အရေအတွက် နှစ်ဆတိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံထွက်ပြောင်းတို့ကို တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် မလေးရှား နိုင်ငံများသို့ တင်ပို့နေသော်လည်း မြန်မာ့ပြောင်း ပြည်ပပို့ကုန်အများစုကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပါသည်။ ယခု ဘဏ္ဍာရေးနှစ် ပြောင်းတင်ပို့မှု အားလုံး၏ ၉၇ ရာခိုင်နှုန်းအား နယ်စပ်မှ တင်ပို့ခြင်းဖြစ်သကဲ့သို့ နယ်စပ်မှတစ်ဆင့် ပြည်ပသို့ တင်ပို့သော ပြောင်းတို့၏ ၉၉ ရာခိုင်နှုန်းအား တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကပြောင်းတင်ပို့ရာ ဈေးကွက်ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၁၈ ခုနှစ်၌ သန်းပေါင်း ၁၄၀ဝ ကျော်ရှိမည်ဖြစ်၍ မြန်မာ့ ပြည်ပပို့ လယ်ယာထွက်ကုန်တို့အတွက် အားထားရမည့် ဈေးကွက်တစ်ခုဖြစ်ပါသည်။ သို့သော် မြန်မာ့ပြောင်း ပြည်ပပို့ကုန် အားလုံးနီးပါးကို တရုတ်နိုင်ငံ ဈေးကွက်တစ်ခုတည်းသို့ တင်ပို့နေခြင်းနှင့် ထိုကဲ့သို့ တင်ပို့ရာ၌ ကုန်ကြမ်းအဖြစ်သာ တင်ပို့နေခြင်းသည် အလေးအနက်ထား သုံးသပ်ရမည့် ကိစ္စရပ်ဖြစ်ပါသည်။ မြန်မာ့ ပဲပို့ကုန်အားလုံးနီးပါးကို အိန္ဒိယ ဈေးကွက်တစ်ခုတည်းအပေါ်၌သာ အားပြုတင်ပို့ခဲ့သည်ဖြစ်၍ အိန္ဒိယနိုင်ငံက သူ့နိုင်ငံ၏ ပြည်တွင်းဈေးကွက်သို့ ပဲတင်သွင်းမှုအား ရုတ်တရက် ကန့်သတ်လိုက်သည့်အခါ၌ မြန်မာ့ပဲကဏ္ဍ တစ်ခုလုံး လှုပ်ခါယမ်းလိုက်သကဲ့သို့ မတည်မငြိမ် ဖြစ်ခဲ့ရပါသည်။

 

လယ်ယာထွက်ကုန်တို့ကို ကုန်ကြမ်းအဖြစ် တင်ပို့ပါက ကန့်သတ်အချိန်တို တစ်ခုအတွင်း၌သာ ဆောင်ရွက်ရသည်ဖြစ်၍ မူဝါဒအပြောင်းအလဲနှင့် ဈေးကွက်အပြောင်းအလဲတို့၏ ဆိုးကျိုးဒဏ်ကို ပိုမိုအလွယ်တကူခံစားရပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်တို့ကိုတန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြုပြင်ပြောင်းလဲတင်ပို့ရမည် ဖြစ်ပါသည်။အထူးသဖြင့် ပြောင်းသည် တန်ဖိုးမြှင့် ထုတ်ကုန်အမယ်ပေါင်းများစွာကို ထုတ်လုပ်နိုင်သော လယ်ယာထွက်ကုန် ကုန်ကြမ်းတစ်မျိုး ဖြစ်ပါသည်။ ပြောင်းကို အခြေခံသည့် တန်ဖိုးမြှင့် ထုတ်ကုန်အမယ်ပေါင်း ၂၀ဝဝ ခန့်အထိ ထုတ်လုပ်နိုင်သည်ဟု ဆိုပါသည်။ ပြောင်းမှ ထုတ်လုပ်သည့် SORBITOL ကို အချိုဓာတ်အဖြစ် စားသောက်ကုန်လုပ်ငန်း၊ အဖျော် ယမကာလုပ်ငန်းနှင့် ဆေးဝါးလုပ်ငန်းတို့၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါသည်။ ပြောင်းမှထုတ်လုပ်သော အမှုန့်ကို ကော်မှုန့်/အကြော်မှုန့်အဖြစ် အသုံးပြုကြပါသည်။ ပြောင်းသည် တိရ္ဆာန်အစားအစာနှင့် သရေစာ ထုတ်လုပ်မှု လုပ်ငန်းတို့၏ ကုန်ကြမ်းလည်း ဖြစ်ပါသည်။ ပြောင်းဖူးဆီသည် ပြည်သူလူထုအကြား အလွယ်တကူ တွေ့ရသော အခြေခံ စားသုံးကုန်တစ်မျိုး ဖြစ်ပါသည်။ ထင်ရှားသော ဥပမာပေးရမည်ဆိုပါက ကိုကာကိုလာ (ဃသခေ-ဃသေူ) ကုမ္ပဏီမှ ထုတ်လုပ်သော ဖျော်ရည်တို့၏ ၉၅ရာခိုင်နှုန်း၌ ပြောင်းမှ ထုတ်လုပ်ထားသည် HIGH FRUTOSE CORN SYRUP (HFCS) ကို အသုံးပြုထားပါသည်။ ဤဥပမာတို့ကို ကြည့်ရုံမျှဖြင့် ပြောင်းအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်တို့၏ စီးပွားရေး အလားအလာကို မှန်းဆနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တစ်ဖက်၌ ပြောင်းစိုက်ပျိုးရေးကို တိုးမြှင့်ဆောင်ရွက်သည့်နည်းတူ တစ်ဖက်၌လည်း ပြောင်းအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်တို့ ထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ။


(မြန်မာ့အလင်း)